News

နိုင်ငံတစ်ဝန်း မနက်မှ ည ၁၁ နာရီအတွင်း အချိန်မရွေး မီးပြတ်မယ်လို့ စစ်ကောင်စီက ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၆

မြန်မာနိုင်ငံတစ်ဝန်း နံနက် ၇ နာရီမှ ည ၁၁ နာရီအတွင်း အချိန်မရွေး လျှပ်စစ် မီးများ ပြတ်မည်ဟု စစ်ကောင်စီက ယနေ့ ထုတ်ပြန်ကြေညာသည်။

တိုင်းနှင့် ပြည်နယ် အသီးသီးတွင် လျှပ်စစ်ဓာတ်အားလျော့နည်းထုတ်လုပ်နေရခြင်းနှင့် ဓာတ်အားစနစ်တည်ငြိမ်မှုထိန်းညှိဆောင်ရသည့်အတွက် နေရာအချို့တွင် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နေကြောင်း ၊ဓာတ်အားသုံးစွဲမှု များပြားသည့် နံနက် ၇ နာရီမှ ည ၁၁ နာရီအတွင်းနှင့် ညနေ ၅ နာရီမှ ည ၇ နာရီအတွင်း ဓာတ်အားစနစ် ထိန်းညှိရခြင်းကြောင့် မဖြစ်မနေ အချိန်ပိုင်း လျှပ် စစ်ပြတ်တောက်မှု ဖြစ်မည် ဖော်ပြထားခြင်းကြောင့် ည အိပ်ချိန်မှ လွဲ၍ အချိန်မရွေး မီးပြတ်တောက်မည် ဖြစ်ကြောင်း ကြေညာသည်။

လျှပ်စစ်ဓာတ်အား ပုံမှန်ထုတ်လုပ်နိုင်မှု ၄၂၀၀ မဂ္ဂါဝပ် ဖြစ်သော်လည်း ဓာတ် ငွေ့ဈေးနှုန်း လေးဆခန့် မြင့်တက်မှုကြောင့် LNG to power ဓာတ်အားပေးစက်ရုံများ ရပ်ထားရသည့်အတွက် လျှပ်စစ်ထုတ်လုပ်မှု ၇၅၉ မဂ္ဂါဝပ်၊ ရတနာကမ်းလွန်ဓာတ်ငွေ့စီမံကိန်း ပြုပြင်ထိန်းသိမ်းမှုကြောင့် ၅၄၀ မဂ္ဂါဝပ်၊ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဓာတ်အားပေးပို့သည့် ၂၃၀ ကေဗွီတာဝါတိုင်များ မိုင်းကွဲခြင်းကြောင့် ၁၈၀ မဂ္ဂါဝပ် အသီးသီးလျော့နည်းနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လျှပ်စစ်မီးသုံးစွဲသူများအနေနှင့် LED မီးသီး/မီးချောင်း အစားထိုးသုံးစွဲရန်၊ မလိုအပ်လျှင် မီး ခလုတ် များ ပိတ်ထားရန် ထုတ်ပြန်ချက်တွင် ပါရှိပြီး ထိုသို့ လုပ် ဆောင်ပါက လျှပ်စစ်မီတာခ ပေး ချေရမှု လျော့နည်းသက်သာမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ကြေညာချက်တွင် မည်သည့်အချိန်တွင်မှ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ရပ်တန့်ပြီး လျှပ်စစ်မီး ပုံမှန်ပြန်ဖြစ်မည်ကို ဖော်ပြထားခြင်းမရှိပေ။

ဓာတ်ပုံ- မီးပျက်ချိန် ဖယောင်းတိုင်ထွန်းနေရသော ရန်ကုန်မြို့ခံတစ်ဦး။

Photo – AFP