ဗဟုသုတ

တချို့ မိဘတွေဟာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖြစ်ထိုက်ရဲ့လား မေးခွန်းထုတ်စရာ ဖြစ်ရပ်များ

တချို့ မိဘတွေဟာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖြစ်ထိုက်ရဲ့လား မေးခွန်းထုတ်စရာ ဖြစ်ရပ်များ..တချို့တချို့မိဘတွေကို ပြောချင်ပါတယ်။ အဲဒီတချို့တချို့ မိဘတွေဆိုတာ ဘယ်လို မိဘတွေလဲဆိုရင် သားသမီးတွေအပေါ် (အထူးသဖြင့် အရွယ်မရောက်သေးတဲ့ သားသမီးတွေအပေါ်) နာကျင်စရာဒဏ်ရာတွေပေးနေတဲ့ မိဘတွေ)ကို ဆိုလိုတာ ဖြစ်ပါတယ်။

အဲဒီလို မိဘတွေမှာလည်း အမေတွေထက် အဖေတွေဟာသားသမီးတွေအပေါ် ပိုပြီးတော့နာကျင်စရာဒဏ်ရာတွေကို ပေးတတ်ကြပါတယ်။ဒဏ်ရာဆိုတဲ့ နေရာမှာလည်း ရုပ်ပိုင်းဖြစ်စေ၊ စိတ်ပိုင်းဖြစ်စေ ၊ နှစ်မျိုးလုံးဖြစ်စေအားလုံးအကျုံးဝင်ပါတယ်။အဲဒီဒဏ်ရာတွေမှာလည်းတချို့ ဒဏ်ရာတွေဟာအချိန်ကာလပေါ် မူတည်ပြီး ပျောက်ကင်းသွားနိုင်ပေမယ့် တချို့ဒဏ်ရာတွေကတော့ သေရာပါ ဒဏ်ရာတွေမို့ ဘယ်တော့မှ ပျောက်ကင်းမသွားနိုင်ပါဘူး။

ကရုဏာမဲ့ ပညာမဲ့ ဆင်ခြင်တုံတရားမဲ့တဲ့ တချို့မိဘတွေဟာ လူမှုရေးတွေ အိမ်ထောင်ရေးတွေ စီးပွါးရေးတွေမှာတစ်ခုခုအဆင်မပြေ ဖြစ်လာတိုင်းသူတို့ရဲ့ ဒေါသတွေကို အပြစ်မဲ့တဲ့ ကလေးတွေအပေါ် ပုံချပစ်ကြတယ်။ ဒါဟာ ဖြစ်သင့်လား။ တခါတလေ အမှားလေး နည်းနည်း လုပ်မိတာနဲ့ ကြီးမားတဲ့ အပြစ်တွေ အပေးခံ ရတာဟာ ဘာမှ နားမလည်သေးတဲ့ ကလေးတွေအတွက် တရားမျှတရဲ့လားဆိုတာ မိဘတွေ စဉ်းစားကြည့်ပါ။

မိဘတွေရဲ့ တရားလွန် ချုပ်ခြယ်မှု ၊ မတရား ရိုက်နှက်မှုတွေ ဖြစ်လာတဲ့အခါ ကလေးတွေကို ကာကွယ်ပေးနိုင်မှု အင်မတန် အားနည်းတဲ့ကျုပ်တို့လို နိုင်ငံတွေမှာ ကလေးတွေအတွက် ပြေးစရာမြေ မရှိပါဘူး။ ပုန်းခိုစရာ ရင်ခွင် မရှိပါဘူး။ သားသမီးတွေအနေနဲ့ ကိုယ့်မိဘအပေါ်နားကျည်းရတာဟာဘယ်လောက်တောင် ဆိုးဝါးတဲ့ ဝေဒနာလည်းဆိုတာ မိဘတွေ အနေနဲ့ ကလေးနေရာမှာနေပြီး ကိုယ်ချင်းစာကြည့် စေချင်ပါတယ်။

အရာရာတိုင်းမှာ မိဘကို မှီခိုနေရတဲ့ အရွယ်လည်းဖြစ်ပြန်၊ တုန့်ပြန်နိုင်စွမ်း အားနည်းတဲ့ အရွယ်လည်း ဖြစ်နေပြန်၊ ပြီးတော့ ပတ်ဝန်းကျင်က သင်ကြားထားတဲ့ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဆိုတဲ့ ခေါင်းစဉ်ကြီးကြောင့် ကလေးတွေဟာ သူတို့ခံစားနေရတဲ့ ဝေဒနာတွေကို အရွယ်နဲ့ မမျှအောင် မြှိုသိပ်ကြိတ်မှိတ်ပြီး နေခဲ့ကြရတယ်။မိဘတွေဆီကနေ တခြားဘာမှ မရခဲ့ရင်တောင်မေတ္တာတရားလေးနွေးထွေးလုံခြုံမှုလေးတော့ကလေးတွေအနေနဲ့ မျှော်လင့်မိကြတာပါပဲ။

ကလေးတွေအပေါ် မေတ္တာတရားလေး နွေးထွေးလုံခြုံမှုလေးတောင်မှ မပေးနိုင်ဘဲနဲ့ အနန္တကျေးဇူးရှင်ဆိုပြီး မကြွေးကြော်သင့်ပါဘူး။ (အနန္တော အနန္တငါးပါးဆိုတာ ဘုရားဟော ဟုတ် မဟုတ် နောက်မှ ရေးပါမယ်)။ ကိုယ်က ကလေးကို လိုလိုချင်ချင်နဲ့ လူ့လောကထဲ ခေါ်လာပြီးမှတော့ အရွယ်ရောက်တဲ့အထိ ကိုယ်စွမ်းသလောက် အကောင်းဆုံး ပြုစုပျိုးထောင်ပေးရမှာက မိဘတိုင်းရဲ့ တာဝန်ပဲ။

အဲဒီလို မိဘတွေမှာ ပြောနေကျ စကားတစ်ခွန်း ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ “ငါ့ကြောင့် လူဖြစ်လာတာ ငါပြောတာပဲ နားထောင်။ ငါခိုင်းတာပဲလုပ်” တဲ့။ သူတို့တွေဟာသားသမီးကိုကျွန်လိုသဘောထားကြတယ်။ကလေးကိုလူတစ်ယောက်လို မမြင်ဘူး။ကလေးကိုကလေးတစ်ယောက်လို မမြင်ဘူး။ကလေးကို ကလေးလို ပျော်ရွှင်ခွင့် မပေးဘူး။ကလေးကိုကလေးတစ်ယောက်လိုလွတ်လပ်ခွင့်မပေးဘူး။ကလေးကိုကလေးတစ်ယောက်လိုရှင်သန်ခွင့်မပေးဘူး။အရာရာမှာ ကလေးကို သူတို့စိတ်တိုင်းကျ နေခိုင်းတယ်။ ကလေးဟာ ကလေးရဲ့ သဘာဝနဲ့ ဆန့်ကျင်ပြီး ကြီးပြင်းခဲ့ရတယ်။ ကလေးဟာသူ့ဘဝကိုသူမပိုင်ဘူး။ကလေးဟာ မိဘတွေရဲ့ ဒုတိယဘ၀ ဖြစ်ခဲ့ရတယ်။

အဲဒီလိုနည်းနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကလေးတွေဟာ မိဘတွေကို မခင်တွယ်တတ်တော့ဘူး။ မိဘနဲ့ ဝေးရာပဲ နေတယ်။ မိဘကို ရှောင်ဖယ်ရှောင်ဖယ်လုပ်တယ်။ ဒါဟာ သဘာဝပဲ။ ဒါပေမယ့်လည်း အဲဒီလို မိဘတွေဟာ ကိုယ့်အပြစ်ကို ကိုယ်နားမလည်ဘဲ ရှောင်ဖယ် ရှောင်ဖယ်နေလာတဲ့ သားသမီးတွေကို အဲဒီလို နေရကောင်းလားဆိုပြီး အပြစ်ဖို့ပြန်တယ် ရန်ရှာပြန်တယ်။ မိဘကို အာခံတဲ့ကောင် ငရဲလားမယ်ဆိုပြီး ကြိမ်းမောင်းတယ်။ တချို့သားသမီးတွေအတွက် မိဘအိမ်ဟာ အေးချမ်းတဲ့ ကောင်းကင်ဘုံတစ်ခု ဖြစ်နေပေမယ့် တချို့သားသမီးတွေ အတွက်တော့ မိဘအိမ်ဟာ တကယ့်ကို ပူလောင်လွန်းလှတဲ့ ငရဲပဲ။

ဒီလို စိတ်ဒဏ်ရာတွေ ရခဲ့တဲ့ တချို့ကလေးတွေဟာ ကိုယ့်မိဘအရင်း အပေါ်မှာတောင် ယုံကြည်မှုတွေ မဲ့လာတဲ့အတွက်သူတို့တွေကြီးလာတဲ့အခါလည်း တခြားသူတွေအပေါ် သိပ်ပြီး မယုံတတ်ကြတော့ဘူး။ပြီးတော့ သူတို့ကိုယ် သူတို့လည်း ယုံကြည်မှုတွေ အားနည်းသွားတတ်ကြတယ်။ စိတ်အားငယ်တတ်ကြ သိမ်ငယ်တတ်ကြတယ်။ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်စွမ်းတွေ အားနည်းသွားနိုင်တယ်။

အဲဒီဒဏ်ရာတွေဟာ ကလေးတွေရဲ့ အနာဂတ်ဘဝခရီးလမ်းမှာ အခက်အခဲတွေ ဖြစ်ပေါ်စေခဲ့တယ်။အရွယ်ရောက်လာတဲ့ အခါမှာလည်း မိဘနဲ့ သက်ဆိုင်တဲ့နေ့တွေမှာ တခြားသူတွေက မိဘမေတ္တာအကြောင်း ဖွဲ့နွှဲ့နေကြချိန် သူတို့မှာ ဖွဲ့နွှဲ့စရာ စကားလုံးရော ခံစားချက်ရော မရှိဘူး။ အဲလို အချိန်တွေမှာ မိဘမေတ္တာအစား မိဘနဲ့ ပတ်သက်တဲ့ နားကျည်းချက်တွေပဲ ပေါ်ပေါ်လာတတ်လို့ အတော့်ကို စိတ်ဓာတ်ခိုင်မာ ပါတယ်ဆိုတဲ့ သူတွေတောင် နာကျင်စွာနဲ့မျက်ရည်တွေ ကျနေခဲ့ရတယ်။

အဲဒီလို မိဘတွေဟာ သားသမီးတွေကို ထွက်ပေါက် မပေးဘဲ ပိတ်လှောင်ထားတယ်။ အဲဒီအခါ မဖြစ်သင့်တာတွေ ဖြစ်ရတယ်။ ဟိုနေ့က အသိတစ်ယောက်နဲ့ ဒီအကြောင်းတွေ ပြောမိတော့ သူက ပြောတယ်။ သူငယ်ငယ်တုန်းက သူ့မိဘတွေ နေရာတကာ ချုပ်ခြယ်လွန်း ရိုက်နှက်လွန်းတော့စိတ်တွေမွှန်းကြပ်လွန်းလို့ အိပ်ဆေးတွေသောက်ပြီး သူ့ကိုယ်သူ သတ်သေဖို့ နှစ်ခါတောင် ကြိုးစားဖူးတယ်တဲ့။ သူ့အသိတစ်ယောက်ကတော့ သူ့ကိုယ့်သူ သတ်သေဖို့မကြိုးစားဘဲသူ့အဖေကို လုပ်ကြံဖို့ထိ စိတ်ကူးဖူးသတဲ့။တစ်နိုင်ငံလုံး ဒီလို အလားတူ အဖြစ်အပျက်တွေ ဘယ်လောက်များ ရှိနေနိုင်မလဲ။ စဉ်းစားကြည့်ပါ။

ဒီလို လုပ်တာဟာ မှန်တယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ အသိဉာဏ် မရင့်ကျက်သေးတဲ့ အရွယ်တွေမှာခံစားရတဲ့ဝေဒနာတွေက အရွယ်နဲ့မမျှတော့ ကလေးတစ်ယောက် အနေနဲ့ လုပ်မိလုပ်ရ လုပ်သွားနိုင်တာကိုမိဘတွေအနေနဲ့ဆင်ခြင်နိုင်အောင်သတိပေးနေတာပါ။ တစ်ခုခုသာ ဖြစ်သွားခဲ့ရင်ဘယ်သူ့အတွက်မှ မကောင်းပါဘူး။

မိဘတွေ ဘယ်လောက်ပဲဆိုးဆိုး မိဘတွေအပေါ် နားလည်ပေးနိုင်စွမ်း ခွင့်လွှတ်ပေးနိုင်စွမ်းတွေ ရှိတတ်ကြတဲ့ သားသမီးတွေလည်း ရှိတတ်ကြပါတယ်။ ဒါကလည်း ခံခဲ့ရတဲ့ ဒဏ်ရာအတိမ်အနက်နဲ့ စိတ်ထားနိုင်စွမ်း ဆင်ခြင်နိုင်စွမ်းအပေါ် မူတည်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်လည်းတူညီနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် မိဘတွေ ပေးခဲ့တဲ့ စိတ်ဒဏ်ရာတွေကနေ မလွတ်မြောက်နိုင်သေးတဲ့ သူတွေကိုလည်း ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့နေရပါသေးတယ်။

မိဘဆီကနေ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေဆိုတာ ဟိုနေ့က ပြောခဲ့သလိုပဲတခြားသူတွေ ဆီကနေရခဲ့တဲ့ဒဏ်ရာတွေထက်အဆပေါင်းများစွာ နက်ရှိုင်းတယ် ပြင်းထန်တယ်။ ဒီဒဏ်ရာမျိုးဟာ တခြားဘယ်လို ဒဏ်ရာမျိုးနဲ့မှ မတူတော့ အဲဒီ စိတ်ဒဏ်ရာကနေလွတ်မြောက်ဖို့ဆိုတာတော်ရုံနဲ့ဘယ်လွယ်ပါ့မလဲ။ဒီလိုရေးနေတာဟာ မိဘမေတ္တာကို ယုတ်လျော့သွားအောင် လုပ်နေတာ မဟုတ်ဘူးဆိုတာ သဘောပေါက်စေချင်တယ်။ မိဘတွေနဲ့ ပတ်သက်ပြီး သူတို့ကြုံခဲ့ရခံစားခဲ့ရတာတွေကို လာပြီး ရင်ဖွင့်ကြတာတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲကမှ အဖြစ်အပျက်လေး နှစ်ခု သုံးခုလောက်ကို ပြောပြချင်ပါတယ်။

ဟိုတလောက ကျောင်းကိုရောက်လာတဲ့အသိတစ်ယောက်သူ့အဖေအကြောင်းသူပြောပြတယ်။သူ့အဖေဟာသူတို့မိသားစုအပေါ်ဘယ်တုန်းကမှအိမ်ထောင့်တာဝန် မကျေပြွန်ခဲ့ဘူး။ သူ့အမေနဲ့သူ ရှာထားသမျှကိုလည်း သူ့အဖေက ဖြုန်းတီးပစ်တဲ့အပြင် သူ့အမေနေမကောင်းဖြစ်လို့ဆေးရုံတက်တော့လည်းအမျိုးတွေ ထောက်ပံ့တဲ့ ဆေးဖိုးတွေကို လာလာတောင်းသေးတာတဲ့။ပြီးတော့ သူငယ်ငယ်တုန်းကသူ့အဖေထိုးလိုက်တဲ့လက်သီးကြောင့်သူ့မျက်စိကဒဏ်ရာဟာအခုထိ မပျောက်သေးဘူးတဲ့။ အဲဒါကြောင့် သူက သူ့အဖေကိုဆိုရင် လုံးဝကို မခင်တွယ်ဘူး။ သံယောဇဉ်လည်း မဖြစ်မိဘူးတဲ့။

နောက်တစ်ယောက်ကတော့ ရွာမှာနေတဲ့ ဆွံ့အနားမကြား ကောင်လေးတစ်ယောက်ပါ။ သူကအသားဖြူဖြူခန္ဓာကိုယ်တောင့်တောင့်နဲ့ရုပ်ရည်လည်း အင်မတန် သန့်ပြန့်သလို ပါးရေနပ်ရေလည်း အင်မတန် ရှိတယ်။ သူ့လိုပဲ နားမကြားတဲ့ နောက်တစ်ယောက်ကို သူက ဘာပြောလဲဆိုရင် “မင်းကွာ လူတွေကြားထဲ ဝူးးးးဝူးးးဝါးးး တွေ လျှောက် မအော်စမ်းပါနဲ့၊ ငါ့လို အိန္ဒြေရရ နေစမ်းပါ၊

မင်းအဲဒီလို လျှောက်အော်တော့ မင်းနားမကြားတာလူသိတယ်၊ငါက မင်းလိုမအော်တော့ ငါနားမကြားတာ တော်ရုံလူကမသိဘူး’’တဲ့။ ကဲဘယ်လောက် ပါးနပ်လိုက်လဲ။ပြီးတော့ အဲကောင်လေးက နားသာ မကြားတာ သွက်သွက်လက်လက်နဲ့ လူရည်လည်တော့ သူ့အလုပ်ရှင်က သူ့ကိုအလုပ်သမားခေါင်းဆောင်အဖြစ် ခန့်ထားတာ။ သူ့အောက်က အလုပ်သမားတွေက အကုန်လုံးက လူကောင်းတွေချည်းပဲ။

ဒီလောက် တော်တဲ့ကလေးဟာ ဘာဖြစ်လို့ နားမကြား ဖြစ်သွားရသလဲ ဆိုတာကို ပြောပြပါမယ်။ သူငယ်ငယ်တုန်းက တနေ့မှာသူကတအားငိုတော့ သူ့အဖေက ဒီလောက်တောာင် ငိုရမလားဆိုပြီး ရေထဲကို အကြာကြီး နှစ်ပစ်လိုက်တယ်တဲ့။ အဲဒီအချိန်ကစလို့ သူ့နားစည်ဟာ ပျက်စီးသွားပြီး မကြားရတော့တာပဲ တဲ့။ ကဲ ဘယ်လောက်တောင် ဝမ်းနည်းဖို့ ကောင်းလဲ။ အဖေဖြစ်တဲ့သူ အနေနဲ့ အမှားကိုသိပြီး နောင်တရသွားတယ် ဆိုရင်တောင် အဲဒီအမှားက ဘယ်လိုမှ ပြန်ပြင်လို့ မရတော့ဘူး မမီတော့ဘူး။

ဒီတစ်ယောက်ကတော့ သူငယ်ငယ်တုန်းက ထမင်းစားနေတုန်း သူ့အဖေက ကျိုက်ထီးရိုး ဝါးသေနတ်နဲ့ နားကိုလွှဲပြီး ရိုက်ပစ်တာ နားတွေကွဲထွက်သွားတာတဲ့။ ဘာလို့ ရိုက်တာလဲဆိုတော့ သူက ဘဲဥ မစားတတ်လို့ မစားဘဲနေတော့ “ဘာနဲ့နေနေ စားတတ်အောင် စားတတ်ရမယ် ဂျီး(ချေး)များဦး” ဆိုပြီးရိုက်တာတဲ့လေ။ သူလည်း အဲတကည်းက သူ့အဖေကို မုန်းသွားတာ တဲ့။

မိဘကို နားကျည်းရတာဟာ အတော့်ကိုဆိုးဝါးတဲ့ဝေဒနာ ဖြစ်သလိုသားသမီးရဲ့နာကျည်းမှုနဲ့ အသက်ရှင်နေရတဲ့ မိဘရဲ့အဖြစ်ဟာလည်း အတော့်ကို ရင်နာစရာ ကောင်းပါတယ်။နောက်ဆုံး အနေနဲ့ မေတ္တာရပ်ခံချင်တာကတော့ အပေါ်ကပြောခဲ့တဲ့ မိဘမျိုးတွေရော၊ မိဘမဖြစ်သေးတဲ့မိဘလောင်းတွေရောကလေးတွေကို လူလို မြင်ပေးပါ။ ကလေးတွေရဲ့ လွတ်လပ်ခွင့်ကို လေးစားပါ။

လောကထဲကိုကိုယ်ခေါ်လာတဲ့ ကိုယ့်သားသမီးတွေအပေါ်တာဝန်ကျေပေးပါ။ မိမိကြောင့် တန်ဘိုးထားစရာ လေးစားမြတ်နိုးစရာ ကောင်းလွန်းလှတဲ့ မိဘဂုဏ် မိဘတန်ဘိုးတွေကို ယုတ်လျော့သွားအောင် နိမ့်ကျသွားအောင် မလုပ်မိပါစေနဲ့..။

Zaya Ditha