News

“တိုက်ပွဲဝင်ရင်း အမောဖောက် ကျဆုံးခဲ့ရတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦး ရဲ့ ဖြစ်ရပ် နှင့် အလေးထားဂရုစိုက်ရမယ့် PDF တို့ရဲ့ ကျန်းမာရေး”

ထက်ခေါင်လင်း/ဧရာဝတီတိုင်းမ်

ဇန်နဝါရီ ၃ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ ရဲကင်းဂိတ်ကို ဇန်နဝါရီ ၂ ရက်နေ့ မနက်အာရုံချိန်တွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များ စီးနင်းတိုက်ခိုက်စဉ် စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့သော်လည်း PDF တပ်ဖွဲ့ဝင်တဦးသည် အမောဖောက်ပြီး ကျဆုံးခဲ့ကြောင်း သိသည်။

တိုက်ပွဲအတွင်း သေနတ်ကျည်ဆံထိမှန်ပြီး ကျဆုံးခြင်းမျိုးမဟုတ်ပဲ ကျဆုံးခြင်းသည် ပထမဦးဆုံး ဖြစ်ရပ်တခု ဖြစ်ခဲ့ပြီး တိုက်ပွဲဝင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် မိမိ၏ အနေအစား ဆင်းရဲခြင်း၊ လက်နက်မပြည့်စုံခြင်းနှင့် မိမိ၏ ချစ်ခင်ရသူများ ထိခိုက်ကျဆုံးခြင်းတို့ကြောင့် ဒေါသအလျောက် စိတ်ခံစားမှုများအပြင် စိတ်ဖိစီးမှုများအထိ ဖြစ်လာနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက မှတ်ချက်ပြုသည်။

မိမိတို့ တိုက်ခိုက်ရေးသည် အချိန်ကြာလာသည်နှင့်အမျှ ထို စိတ်ဖိစီးမှုများလည်း ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို အလေးထားကာ မိမိ၏ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းနေစေရန်နှင့် သက်လုံကောင်းစေရန်အတွက် လေ့ကျင့်မှုများ၊ အိပ်ရေးဝရန် ပြင်ဆင်ထားမှုများ လိုအပ်ကြောင်း ၎င်းတို့က မှတ်ချက်ပြုသည်။

“အိပ်ရေးဝအောင် အိပ်ပါလို့ သူတို့ကိုပြောရင် သူတို့ ရယ်ကောင်းရယ်ကြလိမ့်မယ်။

ဒါပေမယ့် ဒါက တကယ်လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဂျူတီမဟုတ်တဲ့အချိန်တွေ၊ တိုက်ခိုက်ရေး အချိန်မဟုတ်တာတွေဆို အိပ်ရေးဝအောင် ကြိုးစားအိပ်ဖို့တော့ လိုတယ်။ အနားယူမှု ကောင်းကောင်းတော့လိုတယ်။ လူဟာ တခါတလေမှာ ကိုယ့်ခန္ဓာကိုယ်အတွင်း ဘယ်လိုဖြစ်နေတယ်ဆိုတာ အလွယ်တကူ မသိနိုင်ဘူး။ အဲ့ဒီကနေတဆင့် အိပ်ရေးပျက်တာ များလာတဲ့အခါ ခန္ဓာကိုယ်တွင်းမှာ အက်ဆစ်ဓာတ်တွေ ထွက်လာပြီး နှလုံးကို ထိခိုက်တာမျိုး ဖြစ်တတ်တယ်” ဟု တိမ်းရှောင်နေရသော CDM အထွေထွေ ရောဂါကု ဆရာဝန်တဦးက မှတ်ချက်ပြုသည်။

ထို့အပြင် PDF တိုက်ခိုက်ရေး တပ်သားများအနေဖြင့် ဆေးလိပ်နှင့် အရက်ကိုလည်း အထူးရှောင်ကျဉ်ရန် လိုအပ်ကြောင်း၊ နေ့စဉ် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေးအတွက် ပုံမှန် လေ့ကျင့်ခန်းများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း တခြား CDM ဆရာဝန်တဦးကလည်း အကြံပြုသည်။

တိုက်ပွဲအတွင်း တိုက်ခိုက်နေစဉ် ခန္ဓာကိုယ် ကြံ့ခိုင်ရေးက အထူးအရေးပါပြီး ပေါက်ကွဲသံများ၊ မိမိ၏ မိတ်ဆွေ သူငယ်ချင်းများ ထိခိုက် သေဆုံးနိုင်သည့် မြင်ကွင်းများကလည်း မိမိ၏ စိတ်နှင့် နှလုံးကို ရုတ်တရက် ထိခိုက်စေနိုင်သည့် ကျန်းမာရေးရှု့ထောင့်များကိုလည်း ထည့်သွင်းစဉ်းစားထားရမည်ဟု ၎င်းက ဆက်အကြံပြုသည်။

တောတောင်ထဲတွင် အနေအစား ဆင်းရဲခြင်း၊ ခြင်၊ ယင်၊ မှတ်များနှင့်အတူ နေထိုင်ကြရခြင်း၊ လက်နက်မပြည့်စုံခြင်းများကလည်း လူသားတဦးဖြစ်သည့်အတွက် အထိုက်အလျောက် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု ဖြစ်ပေါ်စေနိုင်ကြောင်း သူက ပြောသည်။

“နေထိုင်၊ စားသောက်ပုံကလည်း တခါတလေ လူတိုင်းမဟုတ်ပေမယ့် တချို့လူတွေမှာ စိတ်ဖိစီးမှု ဖြစ်တတ်တယ်။ စိတ်ဖိစီးမှုက ပုံစံမျိုးစုံကနေ လာနိုင်တယ်။

အဲ့ဒါကိုလည်း ကိုယ့်တော်လှန်ရေးသမားတွေ အလေးထားဖို့လိုတယ်။ အဲ့ဒီတော့ အဓိက မှာချင်တာက ခန္ဓာကိုယ် ကြံ့ခိုင်အောင် အားတဲ့အချိန်တိုင်း လေ့ကျင့်မှုတွေ ပြုလုပ်ပေးပါ။ ဆေးလိပ်နဲ့ အရက် တက်နိုင်သမျှ ရှောင်ကျဉ်ပါ။ တောတောင်တွေထဲ ပုန်းရှိုးသွားလာနေရချိန်မှာ တက်နိုင်သမျှ စိတ်ရော၊ လူပါ ဖြေသိမ့်စရာတွေ ရှာကြံနေပါ။ ကိုယ်တွေ ကျန်းမာနေမှ တိုက်ခိုက်ရေး အောင်မြင်မှာကို နှလုံးသွင်းပါ” ဟု ၎င်းက အကြံပြုသည်။

ဆက်စပ် သတင်း

ဇန်နဝါရီ ၂၊ ၂၀၂၂။ စစ်ကိုင်း

ဒီနေ့မနက် ၃ နာရီခွဲမှာ ညီနောင်တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ မုံရွာခရိုင်တပ်ရင်း ၂ နဲ့ Sarlingyi G Z Local PDF ပူးပေါင်းပြီး ညောပင်ကြီးရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ကာကွယ်ရေး တပ်ဖက်မှ ၂ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

“ မနက် ၃ နာရီခွဲလောက်ကစပီး ဆားလင်းကြီးနယ်ထဲက Local PDF တွေက ရဲစခန်းကိုဝင်ရောက် ပစ်ခတ်တာပေါ့။ ရဲစခန်းက လက်နက်ကြီးတွေ၊ စက်သေနတ်တွေ ဘာတွေနဲ့ပါလိုက်ပစ်ခတ်တယ်။ ၃နာရီခွဲကနေ ၄ နာရီခွဲ ၅ နာရီလောက်အထိ ပစ်ခတ်နေတာ၊ ကျွန်တော်တို့ Local PDF ဘက်က ၂ ယောက်ကျတယ်။ အမှန်က တစ်ယောက်ကျပြီး ဒဏ်ရာရတဲ့တစ်ယောက်ကို တခြားတစ်ယောက်က ထမ်းပြီးပြေးတာ၊ ထမ်းပြေးတဲ့သူက နုလုံးရောဂါရှိတော့ အမောဖောက်ပြီး ကျသွားလို့ ၂ ယောက်ကျ တာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Sarlingyi G Z Local PDF ဘက်ကတော့ စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ ရေးသားထားပါတယ်။

ဓာတ်ပုံ – CJ

#PDF #အမောဖောက် #ကျန်းမာရေး #အထူးအလေးထား

#Ayeyarwaddy_Times