News

“လုယက်သူနှစ်ဦးကို ပြန်လည်တိုက်ခိုက်ပြီး ချစ်သူကိုကာကွယ်ပေးခဲ့တဲ့ ကိုမျိုးသက်လွင်ကို ကျပ်(၂၁၅) သိန်း တန်ဖိုးရှိ တိုက်ခန်းချီးမြှင့်”

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ လုယက်သူနှစ်ဦးကို ခုခံကာကွယ်ရင်း အကျဉ်းထောင်မှာ အမှုရင်ဆိုင်ချိန် ၁ နှစ်နဲ့ ၈ လနီးပါး အကြာမှာကွင်းလုံးကျွတ်လွတ်မြောက်လာခဲ့တဲ့ FAME ဝန်ထမ်းဖြစ်သူ မောင်မျိုးသက်လွင်၏ ရဲစွမ်းသတ္တိရှိမှုအား ချီးမြှင့်တဲ့အနေနဲ့ FAME မှ တိုက်ခန်းအသစ်တစ်ခုကို ဝယ်ယူကာ တိုက်ခန်းစာချုပ်နှင့် အခန်းသော့ကို ပေးအပ်ခဲ့ပါတယ်။

FAME က ဝန်ထမ်းများနဲ့ မြန်မာပြည်အနှံ့မှ အလှူရှင်များရဲ့ ထည့်ဝင်လှူဒါန်းငွေ (၈၄) သိန်း၊ ကျန်ငွေကို ကျွန်တော်တို့မိသားစုရဲ့ ဂုဏ်ပြုငွေအဖြစ် စုပေါင်းပြီး ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ မောင်မျိုးသက်လွင် အမှုရင်ဆိုင်နေချိန် ကာလ တစ်လျှောက်လုံး အစစ အရာရာ အဆင်ပြေစေဖို့အတွက် ကျွန်တော့်အနေနဲ့အကုန်အကျခံကာ ကူညီဆောင်ရွကပေးခဲ့တဲ့အပြင် မောင်မျိုးသက်လွင်လွတ်မြောက်လာချိန်မှာလည်းဥယျာဉ်မှူးဝန်ထမ်းကနေ စက်ရုံလုံခြုံရေးဝန်ထမ်း အဖြစ်သို့ရာထူးတိုး ချီးမြှင့်ပေးခဲ့ပါတယ်။

စာနာကူညီပေးခဲ့ကြတဲ့ မြန်မာပြည်အနှံ့မှ အလှူရှင်များအားလုံးကိုလည်း မောင်မျိုးသက်လွင် ကိုယ်စား ကျေးဇူးအထူး တင်ရှိပါတယ်။

အားလုံး ဝမ်းသာကြည်နူး ပီတိဖြစ်နိုင်ကြစေဖို့အတွက် ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်” လို့FAME မှ ဒေါက်တာခင်မောင်လွင်ကပြောပါတယ်။

ယခင်သတင်း

ချစ်သူကိုကာကွယ်ရင်း လုယက်သူ ၂ ဦး သေဆုံးအောင် ခုခံခဲ့သည့် ကိုမျိုးသက်လွင် ပြန်လွတ်မြောက်

ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၁

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ချစ်သူကို ကာကွယ်ရင်း လုယက်သူ ၂ ဦးအား သေဆုံးသည်အထိ ခုခံတိုက်ခိုက်ခဲ့သည့် ကိုမျိုးသက်လွင်သည် ယနေ့ တရားရုံးမှ လွှတ်မိန့်ရခဲ့ပြီး ညနေပိုင်းတွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လွတ်ဖွယ်ရှိကြောင်း ဥပဒေပိုင်းဆိုင်ရာ ကူညီခဲ့သူ ဦးခင်မောင်မြင့်က ပြောသည်။

ဖြစ်စဉ်မှာ ၂၀၂၀ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညပိုင်းက လှိုင်သာယာမြို့နယ်၊ ညောင်ရွာ၊ ပန်းလှိုင်ဂေါက်ကွင်း အနောက်ဘက်၊ မောင်ထွန်းလင်း လမ်းဘေးတွင် ၎င်းတို့နှစ်ဦး စကားပြောနေစဉ် လှမျိုးဌေး(ခ)သရဲနှင့် စောဒီမိုဆိုသူတို့ ဆိုင်ကယ်ဖြင့် ရောက်လာကာ ခြိမ်းခြောက် လုယက်သည့်အပြင် ချစ်သူမိန်းကလေးအား ရိုက်နှက်သည်ကို ခုခံခဲ့ရာမှ လုယက်သူ ၂ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုမှာ လျှောက်လှဲချက်များ ပေးပြီးသည့်နောက် အမိန့်ချမည့်အဆင့်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းများကြောင့် တရားရုံးများ ပိတ်ထားသည့်အတွက် အမိန့်ချရန် ကြန့်ကြာနေသည်။

အာဏာသိမ်း စစ်ကောင်စီက ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မီ ဖြစ်ပွားခဲ့သည့်အမှုများမှ စက်တင်ဘာ ၃၀ ရက်မတိုင်မီ အမှုမရုပ်သိမ်းလိုကြောင်း လျှောက်ထားမှု မရှိသည့် စစ်ဆေးဆဲ အမှုများအား လွှတ်ပေးရန် ညွှန်ကြားခဲ့သည့်အတွက် ကိုမျိုးသက်လွင် အမှုတွင် ယနေ့အချိန်ထိ လျှောက်ထားသူမရှိသောကြောင့် လွတ်မြောက်လာခြင်း ဖြစ်သည်။

“ အမိန့်ချမယ့် အဆင့်မှာ တရားရုံးတွေ မဖွင့်ဘူး။ န.စ.ကလည်း အမိန့်ထုတ်တော့ စက်တင်ဘာ ၃၀ အထိ စောင့်ရတာပေါ့။ တဖက်က ကန့်ကွက်မှု မရှိတဲ့အတွက် ရုံးကလည်း လွှတ်မိန့်ပေးတယ်။ န.စ.က အမိန့်နဲ့လည်း လွှတ်တယ်ပေါ့။ နှစ်ခုပေါ့။ ဒီနေ့အချိန်မီရင် ဒီနေ့လွတ်မှာပါ” ဟု ဦးခင်မောင်မြင့်က ပြောသည်။

စစ်ကောင်စီ၏ အမိန့်အရ အာဏာသိမ်မသိမ်းမီ ဖြစ်ပွားခဲ့သည့် အမှုများထဲမှာ လွှတ်ပေးရန် ကန့်ကွက်လျှောက်ထားသူ မရှိသည့် တရားရုံးစစ်ဆေးဆဲ အမှုများအား လွှတ်ပေးရန် ထုတ်ပြန်ချက်အရ လွတ်မြောက်ခွင့်ရသူများအား အကျဉ်းထောင်အချုပ်များမှ ယနေ့မှ စတင်၍ လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

36 myanmar channel