News

“မီး…မီး…မီး…လို့ အော်သံကြားလို့ ရေပုံးဆွဲပြီး ထွက်လာကြပေမယ့်….ဟာ…ရဲကင်းကြီး လောင်တာဟ…ဆိုပြီး မငြိမ်းဘဲ ပြန်သွားကြသတဲ့..ကွယ်….”

ရန်ကုန်၊ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရဲကင်းစခန်း ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်အချိန် မီးလောင်သွားခဲ့ပြီး ပြည်သူများက မီး ဆိုသော အသံကြောင့် မီးငြိမ်းရန် ထွက်လာကြသော်လည်း ရဲကင်းစခန်း မီးလောင်မှန်းသိသောအခါ မငြိမ်းသက်တော့ဘဲ ပြန်သွားကြကြောင်း ဒေသခံများက ပြောဆိုသည်။

“ဝန်းသိုမှာ ရွာတွေမှာရှိတဲ့ ရဲကင်းစခန်းတွေမှာ ရဲမရှိတော့ဘူး။ အကုန် အင်အားကို မြို့မရဲစခန်းတွေ မြို့ပေါ်မှာ ပြန်စုထားတာ။ အဲဒီကင်းစခန်းကလည်း ရဲလည်းမရှိဘူး။ အစောင့်လည်း မရှိဘူး။ အဲဒါ မီးလောင်တယ်။

ရှို့မီးလား၊ ဘယ်လိုလောင်လဲ သေသေချာချာမသိဘူး။ မီး ဆိုတဲ့ အော်သံကြားလို့ လူတွေထွက်လာပေမယ့် ရဲကင်းလောင်တာမှန်းသိတော့ အကုန် ပြန်သွားကြတယ်။ စခန်းလည်း မီးငြိမ်းမယ့်သူမရှိဘဲ ပြာကျသွားတယ်” ဟု ဝန်းသိုမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်နှင့် ပင်လည်ဘူးမြို့နယ် ကျေးရွာများရှိ ရဲ ကင်း များတွင် ရဲများ လုံး၀ မထားတော့ဘဲ မြို့ပေါ်များတွင်သာ ရဲများအားလုံး စုစည်းနေကြသဖြင့် မကြာခဏဆိုသလို ရဲကင်းများ မီးရှို့ခံရကြောင်း‌ ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။