ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် ယနေ့ ညနေ ၆ နာရီ ၅၀ မိနစ်တွင် ပစ်ခတ်ခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ ရဲနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများအတွင်းသို့ ဝင်ရောက် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
“မြောက်ဥက္ကလာရဲစခန်းမှာ သေနတ်သံများဆက်တိုက်ထွက်နေတာ မိနစ် ၃၀ လောက်ရှိနေပြီ။ ၆ နာရီ ၅၀ မိနစ်လောက်နေ စပစ်တာပါ။ မြောက်ဥက္ကလာ ရဲစခန်းနား ပစ်တာ မိနစ် ၂၀ လောက်ထိ ကြာပါတယ်။ ၇ နာရီ ၁၀ မိနစ် လောက် အထိ ပစ်ခတ်ကြတယ်” ဟု မြောက်ဥက္ကလာပဒေသခံတစ်ဦးက ပြောသည်။
ဒေသခံတစ်ဦးကမူ ရဲစခန်းကို အမည်မသိလူတချို့က လာရောက်ပစ်ခတ်သဖြင့် ရဲများက ပြန်လည် ပစ်ခတ်ကြောင်း၊ ရဲကားများဖြင့်ပါ လမ်းကြိုလမ်းကြားများထဲအထိ ဝင်၍ ပစ်ခတ်သွားကြောင်း၊ ပြည်သူတချို့ ကျည်ထိမှန်သော သတင်းများရရှိထားသော်လည်း အတည်မပြုနိုင်သေးကြောင်း ပြောဆိုသည်။
“အပြန်အလှန်ပစ်ကြတာ ဆူညံနေတာပဲ။ မြောက်ဥက္ကလာ မြရတနာ ရဲစခန်းဝင်ပစ်တာထင်တယ်။ လက်နက်ကြီး လက်နက်လေး စက်သေနတ် အစုံပဲ။ ဗုံးပေါက်သံတွေရော။ တကယ်စစ်မြေပြင်အလားပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
မြောက်ဥက္ကလာပ မြို့နယ် စခန်း ၉ ရဲစခန်းကို အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဗုံးပေါက်ကွဲ မှု ၃ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ရုပ်သံကြည့်ရန်
” ယာဉ်တစ်စီးက စခန်းရှေ့ကနေ စပစ်သွားတာ မေတာဝီ လမ်းမ တစ်လျှောက် တောက်လျှောက်ကို စစ်ခွေးတွေက နောက်ကနေ လိုက်ပစ်တာ ပြီးတော့ ဗုံးပေါက်ကွဲသံ အကျယ်ကြီးပဲ ၃ကြိမ်လောက်ကြားရတယ်။ ထွက်တော့မကြည့်ရဲကျဘူး။ သေနတ်သံတွေ ဆူညံနေတာပဲ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။