ဗဟုသုတ

“ပင်စင်ယူချိန်မှာ တာဝန်ကျတဲ့ရွာက ဇာတ်ပွဲငှားပြီး နှုတ်ဆက်ပွဲလုပ်ပေးခဲ့ပြီး ကွယ်လွန်သွားချိန်မှာလည်း အမှတ်တရကျောက်တိုင်စိုက်ကာ ဂုဏ်ပြုခံရတဲ့ သူ့လို ဆရာ. . .”

Byညီညီဇော်On Fri, 2018-12-21 09:05Issue No.အတွဲ(၁၇)၊

စစ်ကိုင်းမြို့နယ် နတ် ခရိုင်ရွာမှတစ်ဆင့် ရွာသစ်ကြီးသို့သွားရာ လမ်းဘေးတွင် ငါ့တရော်ဆိုသည့် ကျေးရွာလေးရှိ၏။ ထိုကျေးရွာလေး၏ ရွာလယ်လမ်းအတိုင်း ၀င်လာပြီး သိပ်မကြာမီ ရွာလယ်ကောင်သို့ ရောက်သည်။ ရွာအလယ်တွင် လွမ်းစေတီလေး တစ်ဆူရှိ၏။ လွမ်းစေတီမှာ ရွာ၏ ကျေးဇူးတော်ရှင် ဆရာတော်ကြီး ဦးပညာအား ရည်မှန်းကာ တည်ထားခြင်းဖြစ်၏။ စေတီ၏ဘေးတွင်လည်း အမှတ်တရကျောက်တိုင်တစ်ခု စိုက်ထူထားသည်ကို တွေ့ရသည်။ ကျောက်တိုင်၏ မျက်နှာစာများ တွင် အောက်ပါစာများ ရေးထိုးထားသည်။

ဦးဘိုးသစ်

ဒသမတန်းနှင့် အထက်တန်း ဆရာဖြစ် အောင်မြင်သည်။ ရွာမူလတန်းကျောင်းကို စတင်တည်ထောင်ခဲ့သည်။ တပည့်အပေါင်းတို့အား ပညာအမွေအနှစ်များစွာကို ပေးခဲ့သည်။ အာစရိယဂုဏောအနန္တောကို မနောရွှင်ကြည် စိတ်၀ယ်ရည်၍ သည်ကျောက်တိုင်စိုက်သတည်း… ဟူ၍။ အမှတ်တရကျောက်တိုင်တစ်ခု စိုက်ထူရလောက်အောင် ဦးဘိုးသစ်ဆို သော ကျောင်းဆရာကြီးသည် ရွာအတွက် ဘာတွေများ ချန်ထားခဲ့ပါသနည်း။

လွန်ခဲ့သော (၇၅)နှစ်ကျော် ၁၉၄၃ ခန့်က ငါ့တရော်ကျေးရွာတွင်ဖြစ်သည်။ သာသနာရေးအတွက်သာမက ရွာ၏ သာရေးနာရေးအတွက်ပါ ခေါင်းထဲထည့် လေ့ရှိသော ဆရာတော်ကြီး ဦးပညာသည် ရွာတွင် လိုအပ်နေသည့် မူလတန်းကျောင်းလေး တည်ထောင်ရန် စီစဉ်သည်။ ထို့နောက် ခရိုင်ပညာ၀န်ထံ တင်ပြပြီးဆရာတောင်း၏။ ခရိုင်ပညာ၀န်က ကျောင်းအုပ်ဆရာကြီးတစ်ယောက် ချထားပေးခဲ့သည်။ ထို ကျောင်းအုပ်ဆရာကြီး ရောက် လာခဲ့သည်။ ဆရာကြီးဆိုသော်လည်း အသက်က အလွန်မကြီးသေး။ အသက် (၃၅)၀န်းကျင် လူလတ်ပိုင်းအရွယ်။ အသားလတ်လတ်။ တင်းတင်းစေ့ထား သော နှုတ်ခမ်းတစ်စုံက သူ၏ တည်ကြည်မှုကိုပြသည်။ ပြီးတော့ဆရာကြီးက လူပျိုလူလွတ်။ နာ မည်က ဦးသစ်တဲ့။

ဆရာကြီးသည် ရောက်ခါစ တော့ မျက်နှာသိပ်မရွှင်လန်း။ နောက်မှသိရသည်က ဆရာကြီး က တံတားဦး မြေငူရွာသား။ ကျောင်းဆရာအလုပ် စ၀င်တော့ စစ်ကိုင်းမြောက်နားက ခိုတောင်ချောင်းပေါက်ရွာတွင် တာ၀န်ကျသည်။ အထက်က ငါ့တရော်ကိုပြောင်းဆို၍သာ ပြောင်းလာရ သည်။ ခိုတောင်ချောင်းပေါက်မှာ သားသမီးတွေလိုဖြစ်နေသော သူ့တပည့်ရင်းတွေ ကျန်ခဲ့တော့ စိတ်မကောင်းတာဖြစ်သည်။ သို့သော်ဆရာတစ်ဦးအဖို့ ဘယ်ဒေသရောက်ရောက် သူ့တပည့်တွေသည် သူ့သားသမီးတွေဟု ဆရာကြီး ခံယူပုံရသည်။ ငါ့တရော်ကကလေးတွေကြောင့် ဆရာကြီး ပျော်သွားသည်။

ဆရာကြီးက ကျောင်းအုပ်ဆိုသော်လည်း စာသင်ပြသည့် တာ၀န်ပါ ယူသည်။ ဆရာအင်အားနည်းတာ တစ်ကြောင်း၊ ဆရာကြီးကိုယ်တိုင်က စာသင်ချင်လွန်း၍ ကျောင်းဆရာဖြစ်လာသည်က တစ်ကြောင်းမို့ ၀င်သင်တာဖြစ်သည်။ တစ်တန်းတည်းတောင် မဟုတ်။ သုံးတန်း၊ လေးတန်း နှစ်တန်း ခွကိုင်သည်။ တစ်ချိန်တည်းတွင် နှစ်တန်းစလုံး ရအောင်၀င်သည်။ သုံးတန်းမှာ သင်္ချာတွက်စာပေးထားပြီး လေးတန်းမှာမြန်မာစာ ၀င်သင်တာမျိုး ဖြစ် သည်။

နောက်ပြီး ဆရာကြီးက တောသူတောင်သား ဆရာတစ် ယောက်ဖြစ်သော်လည်း တုတ် မကိုင်တတ်။ ကလေးတွေကို ရိုက်နှက်ပြီးလည်း မဆုံးမတတ်။ သူ စာသင်နေချိန် ငိုက်မျဉ်းနေသည့် ကလေးကိုတွေ့လျှင်လည်း မောင်ဘယ်သူ မဘယ်ဝါ ‘‘နင့်ကို ဘယ် သူက ချော့သိပ်နေလို့တုံး’’ဟု စနောက်ရင်း အသိပေးတော့ ကလေးတွေလည်း ပျော်ရသည်။ ထို့အတွက် ကလေးတွေက ဆရာကြီးကို ချစ်ကြသည်။ ချစ်သလိုကြောက်လည်း ကြောက်ကြ သည်။

ဆရာကြီးက စာသင်သည့် အခါ အတန်းထဲက အညံ့ဆုံးကလေးကို သေချာအကဲခတ် သည်။ သူရလောက်ပြီဆိုမှ နောက်သင်ခန်းစာတက်သည်။ ဆရာကြီးက သူ့တပည့်တွေကို ဆရာတွေ၏ ထုံးစံအတိုင်း တော်စေချင်သည်။ ထက်စေချင်သည်။ ထို့အတွက် သူ့ဘက်ကလည်း အစွမ်း ကုန် တာ၀န်ကျေအောင် ကြိုးစား သည်။

ထိုအချိန်က လေးတန်းအောင်လျှင် ပညာရည်ချွန်ဆု လျှောက်လို့ရသည်။ အောင်လျှင် ငွေ ၂၀ ချီးမြှင့်သည်။ စပါးတစ်တင်းမှ သုံးကျပ်တန်တာဆိုတော့ ငွေ ၂၀ သည် မနည်း။ ထို့ကြောင့်ကလေးတွေ ပညာရည်ချွန်ဆုရ အောင် ဆရာကြီး အတတ်နိုင်ဆုံးသင်ပြသည်။ လမ်းညွှန်သည်။ ဆရာကြီး၏ အားတွေကြောင့် ငါ့တရော်က ကလေးတွေ ပညာရည်ချွန်ဆု နှစ်စဉ်ရကြသည်။

ကလေးပညာရေးအပြင် ရပ်ရေးရွာရေးကိစ္စရပ်များတွင် ဆရာကြီးက ၀င်ရောက်ဆောင်ရွက် တတ်သည်။ ရွာမှာက အလှူတွေဘာတွေလုပ်လျှင် အိုးခွက်ပန်း ကန်တွေကို အခြားရွာက သွားငှား ရသည်။ ထို့အတွက် ဆရာကြီးက ရွာက လူကြီးတွေနှင့် တိုင်ပင်ကာ အလှူငွေဝိုင်း၀န်းထည့်စေပြီး အိုးခွက်ပန်းကန်ပစ္စည်းတွေ ဘုံပိုင်တည်ထောင်ပေးသည်။ စနစ်တကျ စာရင်းအင်းဖြင့် ကိုင်ပေးသည်။ နောက်ပြီး အလှူမှာကလေးတွေ စနစ်တကျစားတတ် စေရန် ဘယ်ရွာမှာမှမရှိသည့် အ လှူတွင် ကလေးရုံ သက်သက်ခွဲ ကာ ကျွေးသည့်စနစ်ကို စလုပ် သည်။ ထိုစနစ်က ခုချိန်ထိ ရွာ မှာ ကျန်နေခဲ့သည်။

ဆရာကြီး၏ ကလေးတွေ နှင့် ရွာအပေါ်စောင့်ရှောက်မှုတွေ ကြောင့် ရွာကလည်း ဆရာကြီးကိုချစ်ကြသည်။ ရွာရောက်ပါပြီဆို ကတည်းက ဆရာကြီးမှာ ထမင်းဟင်း ချက်ပြုတ်စားရန်မလို။ ထမင်းအုပ်ပို့သည့် အိမ်နှင့် ဟင်း ခွက်ပို့သည့်အိမ်နှင့်။ အိမ်မှာ အသားလေး၊ ငါးလေးများ ချက်ပြီ ဆိုလျှင် အိမ်က သားသမီးကို ‘‘သားရေ ဆရာကြီးဖို့ ဟင်းခွက် လေး အရင်သွားပို့ပေးဦး’’ဟု ခိုင်း တတ်သည်။ ကလေးကလည်း ကိုယ့်ဆရာကြီးအတွက်ဆိုတော့ ခုန်ပေါက်ကာ ဆရာကြီးနေသည့် ကျောင်းထဲက အခန်းလေးထဲ အ ပြေးအလွှား သွားပို့တတ်သည်။

ထမင်းဟင်းတင်လားမက သေး။ ရွာမှာ ဝါတွင်း၊ ဝါပဥပုသ်နေ့တိုင်း ရွာထဲက ဘုန်းတော်ကြီး များကို ကန်တော့ပွဲနှင့် ဆွမ်းအုပ်ပို့သည်။ ထိုနေ့တွေမှာ ဆရာကြီး ဆီကိုလည်း ကန်တော့ပွဲနှင့် ဆွမ်းအုပ်တစ်အုပ်ပို့သည်။ ဆရာနှင့်ရွာသူရွာသားများ အဆင်ပြေနေ ကြတော့ ကလေးတွေလည်း ပျော်ပျော်ကြီးစာသင်ကြသည်။ ထို့အတွက် ဆရာကြီးကြည်နူးရသည်။ ဘယ်လောက်ထိ ကြည်နူးမိသလဲ ဆို နွေရာသီကျောင်းပိတ်လျှင်ပင် ဆရာကြီး သူ့ရွာမပြန်တော့။

ရွာမှာ ဆရာကြီး၏ တပည့်တွေ အရွယ်ရောက် မင်္ဂလာဆောင်ပြီဆိုလျှင် မိဘကို ကန် တော့တာ၊ မကန်တော့တာထက် ဆရာကြီးကို ကန်တော့ပွဲနှင့် လင်စုံမယားဖက် လာကန်တော့ဖြစ် အောင် ကန်တော့ကြသည်။ ကန်တော့ပွဲနှင့်အတူ ဆရာကြီးအ တွက် အင်္ကျီ၊ ပုဆိုး၊ ဖိနပ်တွေလည်းပါသည်။ ဖိနပ်ကလေးလောက် တတ်နိုင်၍ လာကန်တော့ လျှင်လည်း ဆရာကြီးက ကန်တော့တာထက်မက လက်ဖွဲ့ငွေ ပြန်ချီးမြှင့်သည်။

ဆရာကြီးဦးဘိုးသစ်၏ အမှတ်တရကျောက်တိုင်

တပည့်တွေသာ အရွယ် ရောက် အတောင်အလက်စုံသွား ကြသော်လည်း ဆရာကြီးမှာ တစ်ကိုယ်တည်း လူပျိုကြီးသာ။ အား လျှင် ရွာသားတွေနှင့် ခြင်းခတ်လျှင်ခတ်၊ မခတ်လျှင် စာဖတ်နေတတ်သည်။ မျက်လုံးညောင်းလာ လျှင် သူနေသည့်အခန်းလေးရှေ့ မြေကွက်လပ်မှာ သူစိုက်ထား သည့် သီးပင်စားပင်လေးတွေကို ရေလောင်းပေါင်းသင် လုပ်နေ တတ်သည်။ ဆရာကြီးသည် ပြုစုပျိုးထောင်ရခြင်းကိုသာ အာရုံရပုံ ရသည်။

ဆရာကြီး၏ ကျေးဇူးများ ကြောင့် ငါ့တရော်က ကလေးတွေမူလတန်းမှတစ်ဆင့် အလယ် တန်း၊ အထက်တန်း၊ ကောလိပ်တွေ၊ တက္ကသိုလ်တွေ အဆင့်ဆင့်ရောက်သွားခဲ့ကြသည်။ ငါ့တရော်ရွာသား အရာရှိတွေ၊ အင်ဂျင်နီ ယာတွေ၊ ကထိကတွေ၊ ညွှန်ကြား ရေးမှူးတွေအထိ ဖြစ်ကုန်သည်။ထိုအချိန်မှာတော့ ဆရာကြီးလည်း အသက် (၆၀)အရွယ် ရောက်လာခဲ့ပြီ။

ဆရာကြီး သက်ပြည့်ပင်စင် ယူတော့မည်ဆိုတော့ ရွာသူရွာ သားများ စိတ်ထိခိုက်ရသည်။ သို့သော် ဆရာကြီး၏ ရှေ့ဆက် သွားမည့်အစီအမံကြောင့် ပျော်ရပြန်သည်။ ဆရာကြီး ပင်စင်ယူပြီးသော်လည်း သူ့ဒေသ မပြန်တော့ဘဲ သည်ရွာတွင်ပင် အသက် ထက်ဆုံး နေသွားတော့မည်ဟု။ ဆရာကြီးပင်စင်ယူတော့ ရွာကဂုဏ်ပြုသည့်အနေဖြင့်ဇာတ်အဖွဲ့ တစ်ဖွဲ့ ငှားရမ်းကာ ပွဲတော်ကြီး တမျှ ကျင်းပခဲ့သည်။

ပင်စင်ယူပြီးသော်လည်း ဆရာကြီးမှာ ကျောင်းကို အသွားမလာမပျက်ဘဲ ကျောင်းကိစ္စ တွေ ၀င်ရောက်ဆောင်ရွက်ပေးခဲ့ သည်။ ဆရာကြီးမှာ ကျောင်း ဆရာသက်သက်မဟုတ်တော့ဘဲ ရွာ၏ ဖခင်ကြီးသဖွယ် ဖြစ်လာခဲ့ လေသည်။ ထိုသို့ နေလာရင်း ဆရာကြီး အသက် (၆၅) နှစ်အရွယ် ၁၉၇၂ ပူပြင်းသော နွေရာသီကဆုန်လဆန်းရက် တစ်ရက်မှာ တော့ ဆရာကြီးသည် သူချစ် သည့်၊ တွယ်တာသည့် ငါ့တရော်ကျေးရွာက မူလတန်းကျောင်းလေးနှင့် ကျောင်းသူ၊ ကျောင်းသားများ၊ ရွာသူ၊ ရွာသားများကို ထားရစ်ကာ ဘ၀တစ်ပါး ပြောင်းရွှေ့ သွားသည်။

အဝေးရောက်တပည့်တပန်း တွေ အပြေးအလွှား လာရောက် ကြသည်။ တစ်ရွာလုံးလည်း မျက်ရည်တွေ ချောင်းစီးရသည်။ အဝေး ရောက်တွေ စောင့်ရတာရော၊ ရာသီဥတု ပူတာရောကြောင့်ဆရာကြီး၏ ရုပ်ခန္ဓာက ပေါက်ပြဲလာသည်။ အနံ့တွေထွက်လာ သည်။ သို့သော် နာရေးချတော့ တပည့်တပန်းတွေက ဆရာကြီးခန္ဓာကိုယ်ကို မရွံမရှာကိုင်ပြီး နာ ရေးကိစ္စဆောင်ရွက်ကြသည်။

ဆရာကြီး ကွယ်လွန်ပြီး တော့ ရွာမှာ တစ်ခုခုလိုနေသလို ဟာသွားခဲ့သည်။ နှစ်ပေါင်း ၃၀ကျော် ရွာတွင် ဘ၀ကိုနှစ်မြှုပ်ထား ခဲ့သည့် ဆရာကြီးကို ဘယ်လိုမှ မေ့မရနိုင်။ ထို့အတွက် ဆရာကြီး အမှတ်တရတစ်ခုခုလေး ရွာမှာ လုပ်ဖို့ တိုင်ပင်ကြသည်။ သို့ဖြင့် ရွာလယ်မှာ ဆရာကြီးအမှတ်တရ ကျောက်စာတိုင်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဆရာကြီး၏ ဂုဏ်ကျေးဇူးများကို ထိုကျောက်စာတိုင်ကြီးဖြင့် သတိတရရှိကြ သည်။

ဆရာကြီး ဦးဘိုးသစ် (ခေါ်) ဦးသစ် ငါ့တရော်ရွာလေးကနေ ထွက်ခွာသွားခဲ့သည်မှာ နှစ်ပေါင်း၄၀ ကျော် ကြာမြင့်ခဲ့လေပြီ။ ဆရာကြီး၏ တပည့်ရင်းတစ်ယောက် ဖြစ်ခဲ့ဖူးသော မောင်ကျော်တင့် ဆိုသော ကလေးငယ်လေးသည် ပင် ယခုဆံတွေဆွတ်ဆွတ်ဖြူကာ အသက် (၇၀)ကျော် အဘိုးအိုဘဝရောက်နေလေပြီ။ သို့သော် သူ့ဆရာကြီးကိုတော့ ဘယ်လိုမှ မေ့မရသေး။ ကျောက်စာတိုင်ကြီးကို ကြည့်ရင်း ‘‘ခုချိန်ထိ ဆရာကြီးကိုမျက်လုံးထဲမှာ မြင်ယောင်နေတုန်း ပါပဲ’’ဟု ဆိုလိုက်လေသည်။ ။