News

ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ဖို့ တပ်မတော်သားတွေအနေနဲ့ ရှေ့တန်းကနေ ကြိုးပမ်းခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော။

ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ဖို့ တပ်မတော်သားတွေအနေနဲ့ ရှေ့တန်းကနေ ကြိုးပမ်းခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော။

Mercury Media.

ရန်ကုန်၊ ဒီဇင်ဘာ ၂၈။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုခံစားရချိန်မှာ တပ်မတော်သားတွေဟာ ရောဂါကာကွယ်ထိန်းချုပ်ရေး

လုပ်ငန်းတွေမှာ ငွေအား၊ လူအားနဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့ ရသမျှအထောက်အကူပစ္စည်းတွေကို အသုံးပြုကာ

အစွမ်းကုန် ကြိုးပမ်းခဲ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။

ဒီဇင်ဘာ ၂၇ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော်သူနာပြု၊ ဆေးဘက်ပညာတက္ကသိုလ်သူနာပြု၊

ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် ၁၉ နဲ့ အမျိုးသမီးသူနာပြု၊ ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း

အမှတ်စဉ် ၆ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ဖို့အတွက် တပ်မတော်ဆေးမှူးပါရဂူတွေနဲ့ သူနာပြုတွေကနေ ရှေ့တန်းက

ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းနဲ့ ပြောင်းလဲတိုးတက်နေတဲ့ အနောက်တိုင်းဆေးပညာရပ်တွေကို လေ့လာဆည်းပူးနေသလို

ပြည်သူတွေ အားထားရတဲ့ မြန်မာ့တိုင်းရင်းဆေးပညာရပ်ကိုလည်း ခေတ်မီနည်းပညာတွေနဲ့

ပေါင်းစပ်ထုတ်လုပ်ဖို့ လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြောကြားပါတယ်။

တိုင်းရင်းဆေးဝါးဖော်စပ်ရာမှာလည်း အရည်အသွေး စစ်မှန်ပြည့်ဝတဲ့ တိုင်းရင်းဆေးကုန်ကြမ်းပစ္စည်းတွေကို

ရွေးချယ်အသုံးပြုပြီး ဆေးဝါးအရည်အသွေးကို ထိန်းသိမ်းနိုင်စေဖို့ ဖော်စပ်မှုအဆင့်တိုင်းမှာ အရည်အသွေးဆိုင်ရာ

ဓာတ်ခွဲစမ်းသပ်ခြင်းတွေ ဆောင်ရွက်သင့်ကြောင်းလည်း ပြောကြားပါတယ်။

“နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏” ဆိုတဲ့အတိုင်း နိုင်ငံအနှံ့အပြားပေါက်ရောက်နေတဲ့ ဆေးဝါးထုတ်လုပ်နိုင်တဲ့

သစ်ပင်နဲ့ သစ်ဥသစ်ဖုတွေကို တာဝန်ကျရာ ဒေသအလိုက် မိမိတို့ တတ်ကျွမ်းနားလည်တဲ့ ဆေးဝါးကျွမ်းကျင်မှုဆိုင်ရာ

အခြေခံကောင်းတွေကို အသုံးချပြီး သုတေသနလုပ်ငန်းတွေ လုပ်ဆောင်ကြဖို့လည်း မှာကြားထားပါတယ်။

#Mercury_Media