ဗဟုသုတ

“ခရစ်စမတ်အချိန် မှာ လမ်းပေါ်ကို လမ်းလုံးပြည့် တက်လာတတ်တဲ့ ဂဏန်းတွေ နှင့် ခရစ္စမတ်ကျွန်း အကြောင်း”

ခရစ်စမတ်အချိန်ဆိုရင် Chrismas island ကဂဏန်းတွေကျွန်းပေါ်ကို အိမ်အပြန်အနေနဲ့ ရေထဲကပြန်တက်လာချိန်ပဲ။

သန်းနဲ့ချီတဲ့နီနီရဲရဲဂဏန်းတွေဟာ အောက်တိုဘာလောက်ဆို migration လုပ်ပြီးပင်လယ်ထဲဆင်းကာ မျိုးပွားလေ့ရှိတယ်။ ဒီဇင်ဘာလ ခရစ်စမတ်ရက်ဆိုရင် ကျွန်းပေါ်ပြန်တက်လာပြီ။

ဂဏန်းတွေခရီးသွားတာများလွန်းတော့ ကားလမ်းတစ်ချို့ပိတ်ပေးရတယ်။ ဟိုင်းဝေးလမ်းတွေဆိုရင် အပေါ်ကနေ ဂဏန်းကူးဖို့ crab bridge လုပ်ထားပေးတယ်တဲ့။

အဲ့ဒီဂဏန်းတွေက ကျနော်တို့ငယ်ငယ်ကလယ်ထဲကရတဲ့ လယ်ပုစွန်လုံးပုံစံမျိုးပါ။ ရွာတွေမှာထမင်းချက်ရင် မီးဖိုထဲပစ်ထည့်ထားကြတဲ့ဟာမျိုး။

ကိုယ်တွေဆီကလူတွေဆိုရင် ဘာလုပ်လိမ့်မလဲလို့တွေးမိတယ်။ Chrismas island မှာတော့ မီးဖိုထဲအထိဝင်လာလို့ လှည်းထုတ်ရတယ်တဲ့။ ကိုယ်တွေဆီမှာဆိုရင် ငရုတ်သီးနဲ့ညားသွားလောက်တယ်။

ပြောရအုံးမယ်။ အဲ့ဒီ Christmas island က စင်ကာပူကပိုင်ခဲ့တာ။ အဲ့ဒီမှာတရုတ်ဘုံကျောင်းတွေရှိတယ်။ စင်ကာပူအဆက်အနွယ်တွေရှိတယ်။

စိတ်ဝင်စားစရာ သမိုင်းရာဇဝင်တွေလည်းရှိတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ မှာအိန္ဒိယတိုင်းသားဗြိတိသျှရဲသားတွေဟာ ဗြိတိသျှအရာရှိတွေကိုသတ်ပြီး တော်လှန်ရေးလုပ်ခဲ့ကြတယ်။ စစ်ပြီးချိန်မှာ ပုန်ကန်မှုနဲ့ အဲ့ဒီ Sikh လူမျိုးတွေကို အရေးယူခဲ့တယ်။

အဲ့မှာမလေးလူမျိုးရော၊ တရုတ်ရော၊ အိန္ဒိယလူမျိုးရော၊ ဘိုတွေရောနေကြတယ်။

စင်ကာပူသာအဲ့ဒီတုန်းက Christmas island ကိုမရောင်းခဲ့ရင် ဒီနေ့ဒီရက်မှာအတော်များများသွားလည်နေကြပြီ။ ရေတပ်စခန်းဖြစ်ဖြစ်၊ စစ်တပ်လေ့ကျင့်ရေးစခန်းလည်းဖြစ်နေပြီ။ ကျွန်းလည်းအိမ်ရာတွေအတော်ဖွံ့ဖြိုးနေလောက်ပြီ။

တကယ်တော့ အင်္ဂလိပ်တွေရောင်းခဲ့တာပါ။ ပေါင်ငွေ ၂•၉ သန်းနဲ့ ဩစတေးလျကိုရောင်းချခဲ့တာတဲ့။

စင်ကာပူဝန်ကြီးချုပ်ဒေးဗစ်မာရှယ်လက်ထက်ပေါ့။ စင်ကာပူကလွတ်လပ်ရေးမရသေးဘူး။ ဩစတေးလျက ဗြိတိန်ကိုအတင်းတောင်းဝယ်တာ။

ပေါင်ငွေ ၂•၉ သန်း အဲ့ခေတ်က ဒေါ်လာ သန်း ၂၀ ဟာအခုခေတ်မှာစင်ကာပူအတွက်အရမ်းတန်ဖိုးရှိတဲ့မြေနေရာဖြစ်လာမှာ။

Christmas island ကတကယ်တော့ စင်ကာပူနဲ့မနီးသလို ဩစတေးလျနဲ့လည်းမနီးဘူး။ နီးတာကအင်ဒိုနီးရှား။ စင်ကာပူနဲ့ဩစတေးလျကြား စင်ကာပူနဲ့ရေမိုင်ပိုနီးတယ်။

ဟိုခေတ်ကသန်း ၂၀ ပေးတာက ကျွန်းပေါ်ကဖော့စဖိတ်ကြွယ်ဝမှအတွက် စင်ကာပူကိုလျော်ကြေးပေးသလိုမျိုးပေးတာ။

၁၉၅၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ ဩစတေးလျလက်အောက်ရောက်သွားတာပဲ။ အင်္ဂလိပ်လက်အောက်ဆိုတော့ သူ့အမျိုးကိုသူရောင်းတာပေါ့။

တကယ်တော့လည်းသူတို့ပဲပိုင်တာပါ။ ၁၆၄၃ မှာ ဗြိတိသျှကပ္ပတိန်တစ်ယောက်က သင်္ဘောပေါ်ကနေစတွေ့ပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့မှာတွေ့တာမို့ Christmas island လို့နာမည်ပေးခဲ့သတဲ့။ နောက်တော့စင်ကာပူကျွန်းမှာ Raffles တို့ရောက်လာတော့ စင်ကာပူအုပ်ချုပ်ခံဖြစ်သွားတာ။

မသိဘူး။ ကျနော်ကတော့ ဂဏန်းနီနီရဲရဲတွေမြင်ရင်သိပ်သဘောကျတာ။

Richard Myo Thant