News

ကိတ်မုန့်လှီးရင်း သွေးစွန်းသွားပြီ. . . .ခရစ်စမတ်သည်ကား ရုပ်ဆိုး အကျည်းတန် ခဲ့ရပြီ

ခရစ်စမတ်သည်ကား ရုပ်ဆိုး အကျည်းတန် ခဲ့ရပြီ ဖြစ်၍ Merry X’mas ဟု ပြောရိုးပြောစဉ် ပြောရမည့် အစား ခွန်အား ထည့်ရမည့် Spirited X’mas ဟု ဆိုလျှင် ပို၍ သင့်တော်ပေတော့မည်။

ခရစ်ယာန် ဘာသာဝင် အများစု နေထိုင်ရာ ကချင်၊ ကယား၊ ချင်း နှင့် ကရင် ပြည်နယ်များ တွင် ဘုရားကျောင်း များ၊ အိုးအိမ်များ မီးရှို့ ဖျက်ဆီးခံခဲ့၍ အပြစ်မဲ့ ပြည်သူများ တောတောင်များထဲတွင် အသက်လု၍ ပြေးလွှားနေ ရချိန်တွင် ဂိုဏ်းချုပ် ဆရာတော်ကြီး သည် ထိုပြစ်မှု များ အတွက် အဓိက တာဝန် ရှိသူ မင်းအောင်လှိုင်နှင့် ပြုံးပြုံးရွှင်ရွှင်ဖြင့် ကိတ်မုန့် အတူလှီးနေသည့် မြင်ကွင်းကို တွေ့မြင်ရသူ အပေါင်း ကြက်သေ သေသွားခဲ့ကြ ရသည့် အဖြစ်ကို တွေ့ရပေမည်။

ခရစ်ယာန် ဘာသာဝင်များ အကြား မည်သို့ပင် ဖြစ် ကျန်ရစ်ခဲ့စေကာမူ မင်းအောင်လှိုင် အတွက်ကား ကျပ် သိန်း နှစ်ရာ လှူကာ အောင်ပွဲကြီး ရင်ဝယ် ပိုက်၍ ဘုရားကျောင်းထဲမှ ပြန်ထွက်လာနိုင်ခဲ့ပြီ ဖြစ်သည်။

၎င်း အနေဖြင့် ဘာသာ ပေါင်းစုံမှ ခေါင်းဆောင်များက ကြည်ကြည်ဖြူဖြူ လက်ခံ ကြိုဆိုနေခြင်းကို ကြည့်ကာ သူသည် မင်းကျင့်တရား နှင့် ပြည့်ဝသော ခေါင်းဆောင် တဦး ဟု လက်ခံနေကြခြင်း ဖြစ်၍ သူ့ကို ဆန့်ကျင်နေသူ များသည် အလိုလိုနေရင်း လူရိုင်းလူဆိုးများ အဖြစ် ရောက်ရှိသွားရန် ပုံဖေါ်လိုက်ခြင်းပင် ဖြစ်သည်။

သို့သော် Independent Catholics for Justice in Myanmar အဖွဲ့ကြီးကား ထိုသို့ တွေ့ဆုံမှုအား အပြင်းထန်ဆုံး စကားလုံးများ သုံးကာ ရှုတ်ချလိုက်ပြီး ကက်သလစ် ဘာသာဝင်များကလည်း ဆိုရှယ် မီဒီယာများ ပေါ်တွင် ကန့်ကွက်ရေးသားလာကြသည်။

ကာဒီနယ် ဘို သည် မဖြစ်၍သာ အောင့်အီး ဆက်ဆံခဲ့ပုံ မဟုတ်ကြောင်း ထပ်မံ၍ သက်သေပြလိုက်သည်မှာ မင်းအောင်လှိုင် နှင့် ကိတ်မုန့် အတူ လှီးနေသည့် ပုံကို သူ၏ တွစ်တာ အကောင့်တွင် ဝံ့ကြွားစွာ တင်ပြခဲ့ခြင်းပင် ဖြစ်သည်။

သို့သော် ဓါတ်ပုံ ပါ မင်းအောင်လှိုင်၏ စစ်တပ်အား Mother Jones မဂ္ဂဇင်းမှ Monster of the Year 2021 ဆုကြီး ကို ပွဲဦးထွက် ချီးမြှင့်လိုက်ပြီ ဖြစ်သည်။

ကာဒီနယ် ဘို သည် ၂၀၁၅ တွင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဂိုဏ်းချုပ် ဆရာတော်ကြီး အဖြစ် ခန့်အပ်ပေးခံ ခဲ့ရသူ လည်း ဖြစ်သည်။

ကေအင်ယူ မှ ထုတ်ပြန်သည့် သတင်းအရ ထိုင်း နယ်စပ်မှ ဆယ်မိုင်ခန့်သာ ဝေးသော ၎င်းတို့ ထိန်းချုပ်နယ်မြေ သို့ လေကြောင်းမှ အနည်းဆုံး နှစ်ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး များ နှင့် ပါ ပစ်ခတ်ခဲ့ သည်ဟု သိရသည်။

ရန်ကုန်ရှိ အီးယူ၊ ဗြိတိန် နှင့် အမေရိကန် သံတမန်များက ကရင်ပြည်နယ် နှင့် အခြား ဒေသများတွင် ထိုသို့ ခွဲခြားခြင်း မရှိ မဲမဲမြင်ရာ ပစ်ခတ် တိုက်ခိုက်နေမှုများသည် နိုင်ငံတကာမှ လူသားချင်း စာနာထောက်ထားရန် လိုက်နာရမည့် ဥပဒေများကို ချိုးဖောက်နေခြင်း ဖြစ်၍ အမြန် အဆုံးသတ်ရန် ပူးတွဲ ကြေညာချက် ထုတ်ပြီး တောင်းဆိုလာခဲ့ကြသည်။

ကေအင်ယူ ပြောခွင့်ရ စောနော်နီး မှ ပြည်သူများ ဘေးအန္တရာယ် ကင်းရေး အတွက် လေယာဉ် မပျံသန်းရ ဇုံကို သတ်မှတ်ပေးရန် တောင်းဆိုလိုက်သည်။ သို့သော် ပြဿနာ ဖြစ်နေရသည်က မြန်မာ စစ်တပ်မှ လိုက်နာမည် မဟုတ်၍ အဆိုပါ ဇုံ တည်တံ့ ခိုင်မြဲရေး အတွက် နိုင်ငံတကာ မှ လေတပ်များက ကင်းလှည့်ပျံသန်း စောင့်ကြည့် နေဖို့ ပြင်ဆင်လာရမည့် အရေး အတွက် အဆင်သင့် ဖြစ်ပုံ မရသေးပေ။

မြန်မာ ပြည်သူများ အဖို့ကား မိမိတို့ နိုင်ငံသည် ဆီရီယား ကဲ့သို့ နောင်တချိန်တွင် ဖြစ်လာလိမ့်မည်ဟု လွန်ခဲ့ သည့် ဆယ်နှစ်က မည်သူမျှ တွေးထင်ထားကြလိမ့်မည် မဟုတ်ပေ။

ယခုအခါ မိမိတို့ ရင်ဆိုင်နေရသော စစ်တပ်သည် ထင်ထားသလို အင်အား တောင့်တင်း လှခြင်း မရှိမှန်း ရိပ်စား မိလာသော်လည်း တဖက်တွင် အားပျော့နေခြင်းလည်း မရှိပေ။ ထို့အတွက် ပြည်တွင်း စစ်ကြီး သည် တာရှည် လာတော့မည်လော ဟု စိုးရိမ်ခဲ့ကြသည်။

သို့သော် စစ်တပ်ဖက်က အနိုင်ရ လွှမ်းမိုးသွားမည် ဆိုလျှင် ၎င်းတို့ နှစ်ပေါင်း ၆၀ အုပ်ချုပ်ခဲ့သည့် အတိုင်း အစဉ် အလာမပျက် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များ နှင့် လက်ဝေခံ ကရိုနီ များသာ ကြွယ်ဝချမ်းသာလာပြီး တိုင်းပြည်လူထု က ၎င်းတို့ ချပေးသည့် အရိုးအရင်းများ ကြားတွင် လူလုံးမလှသည့် ဘဝ နှင့် ပင်ပန်းကြီးစွာ ရုန်းကန် အသက် မွေးကြရတော့ မည့် အဖြစ် နှင့် ရင်ဆိုင်ကြရပေတော့မည်။ မခံမရပ်နိုင် ဖြစ်လာ၍ ၈၈ က ကဲ့သို့ လမ်းပေါ်ထွက် လာပါကလည်း ဗိုလ်နေဝင်း မှ ဗိုလ်စောမောင်ကို အမွေပေးသွားပုံမျိုး နှင့် ဆက်လက် သက်ဆိုးရှည်ကြဦးမည် ဖြစ်သည်။

(ယနေ့ Twitter က ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်ဆရာ‌ေတာ်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ရဲ့အကောင့်ကို တွစ်တာက ပိတ်လိုက်ပြီ)

ကြိမ်းသေနေသည့် အဖြစ်ကား ၎င်းတို့အား အစိုးရ အသွင် မည်သူကမျှ အသိအမှတ် မပြုကြသေးသဖြင့် ယခင် ဗိုလ်သိန်းစိန် ခေတ်ကလို ပြုပြင်ပြောင်းလဲရေး များ လုပ်ဖို့ အသာထားဘိဦး၊ ၎င်းတို့ အတွက် ဖူလုံအောင်၊ အောက်ခြေကို လစာများ ပေးနိုင်အောင် နိုင်ငံခြားငွေ လက်ဝယ် ရရှိဖို့ပင် မနည်းရုန်းကန်ရမည့် အနေအထား နှင့် ကြုံလာရဖို့ များနေပြီ ဖြစ်သည်။

ဟောင်ကောင် တက္ကသိုလ် ဝင်း အတွင်း နှစ်ပေါင်း ၂၀ ကျော် တည်ရှိခဲ့သော တီယန်မင် ရင်ပြင် လူသတ်ပွဲကြီး အထိမ်းအမှတ် Pillar of Shame ရုပ်ထုကြီးအား တက္ကသိုလ်အာဏာပိုင်များက ဖယ်ရှားလိုက်ခြင်းကို ကျောင်း သားများ မျက်ရည်စက်လက် ဖြင့် လက်ပိုက်ကြည့်နေကြရလေသည်။ ဟောင်ကောင်၏ ယခင်က ရရှိခဲ့သော လွတ်လပ်ခွင့်များ အားလုံး ပျောက်ကွယ်လုနီးပါး ဖြစ်လာနေသည့် နောက်ထပ် ပြယုဂ်ကြီးလည်း ဖြစ်လာခဲ့ သည်။ ထိုသို့သော အဖြစ်မျိုး မိမိတို့ နိုင်ငံတွင် သားစဉ်မြေးဆက် ခံစားသွားရမည့် အရေးကို မည်သို့မျှ ခွင့်ပြု၍ မဖြစ်တော့။

ထို့အတွက် လက်ရှိ ဖြစ်ပေါ်နေသော ပြည်သူတို့၏ တွန်းလှန် ခုခံစစ်အား ညီညွတ်စွာဖြင့် တတ်နိုင်သည့် ဖက်မှ ပူးပေါင်း ဆောင်ရွက်ကြခြင်းသည်သာ တိုင်းပြည် နှင့် ပြည်သူတို့၏ အနာဂတ် ကို မိမိတို့ စိတ်ကြိုက် ဖန်တီးနိုင် မည် ဖြစ်သည်။ ထို့အတွက် ၂၀၂၂ သည် တတိုင်းပြည်လုံး အမှန်တကယ် ပျော်ရွှင်လာမည့် နှစ် အဖြစ် သမိုင်း မှတ်တမ်း တင်နိုင်ရန် ကြိုးပမ်းရပေတော့မည်သာ ဖြစ်သည်။

အစဉ်တစိုက် ဖတ်ရှုပေးခဲ့သော စာဖတ်သူ မိတ်ဆွေများ ကို ကျေးဇူးတင်လျှက်

HLA SOEWAI