ကျန်းမာရေး

ခုလို ဆောင်းတွင်းကာလမှာ အဖြစ်များပြီး ဂရုစိုက်သင့်တဲ့ ရောဂါများ

ခုလို ဆောင်းတွင်းကာလမှာ အဖြစ်များပြီး ဂရုစိုက်သင့်တဲ့ ရောဂါများ

ခုလို ရာသီဥတုအေးတဲ့ ဆောင်းတွင်းကာလမှာ ဂရုစိုက်သင့်တဲ့ ရောဂါတွေနဲ့ ကာကွယ်ကုသနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…။

၁။ နှလုံး ရောဂါ

နှလုံးရောဂါဟာ ဆောင်းတွင်းမှာ ပိုအဖြစ်များတယ်ဆိုတာကို လူအများစုက မသိကြပါဘူး။ အေးတဲ့အချိန်မှာ သွေးလွှတ်ကြောတွေဟာ ကျုံ့သွားပြီး နှလုံးကနေ သွေးတွေ စုပ်ထုတ်ရာမှာ အခက်အခဲ ဖြစ်စေပါတယ်။

ကိုယ့်မှာ နဂိုတည်းက နှလုံးရောဂါအခံလည်း ရှိတယ်ဆိုရင် ဆောင်းတွင်းမနက်စောစော လမ်းထလျှောက်မယ်ဆိုရင် နေစထွက်ချိန်မှ လျှောက်တာ ပိုမို သင့်လျော်ပြီး မနက်စာကိုလည်း တနင့်တပိုး မစားသင့်ပါဘူး။

နောက်ပြီး ဆောင်းတွင်းမှာ ညစာကိုလည်း လျှော့စားတာက နှလုံးရောဂါအန္တရာယ်ကို အတိုင်းအတာ တစ်ခုထိ ကာကွယ် နိုင်ပါတယ်။

၂။ ရင်ကြပ် ရောဂါ

တစ်ကယ်လို့ သင်ဟာ ပန်းနာရင်ကြပ်သမားတစ်ဦးဆိုရင် ဆောင်းတွင်းမှာ ပိုဂရုစိုက်သင့်ပါတယ်။

အေးမြပြီး ခြောက်သွေ့တဲ့ လေဟာ အသက်ရှုလမ်းကြောင်း ကို ပိုမို တင်းကြပ်စေပြီး အသက်ရှုရ ခက်ခဲ စေပါတယ်။

အိမ်မှာ မီးခိုးငွေ့လို ရင်ကြပ်စေတဲ့ အရာတွေကို ဂရုတစိုက် ရှောင်ရှားသင့်ပြီး၊ အိပ်ယာခင်းများ တစ်ပတ်တစ်ခါ လဲခြင်းဖြင့် ရင်ကြပ်ရောဂါကို ကာကွယ် နိုင်ပါတယ်။

၃။ အရေပြား ယားယံခြင်း

စိုထိုင်းမှုနည်းပြီး အပူချိန် နည်းခြင်းဟာ အရေပြားကို ယားယံ စေပါတယ်။ ဆီများတဲ့ လမ်းဘေးစာတွေ စားခြင်းကို ရှောင်ရှားခြင်းဖြင့် အရေပြားယားယံခြင်း ကို ကာကွယ်နိုင်ပါတယ်။

ရေနွေးကြမ်း ပူပူလေးကို ထန်းလျက်ခဲနဲ့ စားခြင်း၊ အရေပြားမှာ သံလွင်ဆီ လိမ်းထားခြင်းတို့နဲ့လည်း အရေပြားယားယံခြင်းကို ကာကွယ် တားဆီးနိုင်ပါတယ်။

၄။ အရိုးအဆစ် ကိုက်ခဲခြင်း

အရိုးအဆစ် ကိုက်ခဲခြင်းဟာလည်း ဆောင်းတွင်းမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးပါပဲ။ အဝတ်အထည် နှစ်ထပ်ဝတ်ပြီး နွေးနွေးထွေးထွေးနေခြင်း၊ သွေးပူအောင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်းတို့နဲ့ အရိုးအဆစ် ကိုက်ခဲခြင်းကို ကာကွယ်နိုင်ပါတယ်။

နေရောင်ခြည် နွေးနွေးအောက်မှာ နေပူစာ လှုံခြင်းဟာလည်း အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။

၅။ နှာပိတ်ခြင်း

ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာပိတ်ခြင်းတို့ဟာလည်း ဆောင်းတွင်းမှာ အဖြစ်များတာမို့ သတိထား သင့်ပါတယ်။

လေဝင်လေထွက် မကောင်းရင်လည်း နှာပိတ်တတ်ပါတယ်။ နှာပိတ်ခြင်းကို လုံလောက်စွာ အနားယူခြင်း၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကို စားသုံးပေးခြင်း၊ အရည်များများသောက်ခြင်း၊ အအေးမမိအောင် နေခြင်းတို့ဖြင့် ကာကွယ် နိုင်ပါတယ်။

ကုသမှုအပိုင်း ကတော့ ဂျင်းပြုတ်ရည် သောက်ပေးတာတို့၊ သစ်ကြံပိုးခေါက်မှုန့် ထည့်ထားတဲ့ လက်ဖက်ရည် သောက်ပေးတာတို့နဲ့ ကုသ ပေးနိုင်ပါတယ်။

မေတ္တာဖြင့် မျှဝေပါသည်။ Credit မူရင်းရေးသားသူ