ဗဟုသုတ

၅နှစ်သားလေးနဲ့မြန်မာတစ်ပြည်လုံးဟိုလေးကျော်ခဲ့သူပိဋကတ်မောင်ထွန်းကြိုင်အကြောင်း

Unicode

တခါကနာမည်ကြီးခဲ့တဲ့ပိဋကတ်မောင်ထွန်းကြိုင်အကြောင်း

လွန်ခဲ့သောနှစ်ပေါင်း၉ဝ-ကျော်ခန့်ကမြန်မာဗုဒ္ဓဘာသာလောက၌ထူးခြားသောသူငယ်ကလေးတဦးပေါ်ပေါက်ခဲ့ဖူးသည်။သူသည်ဓမ္မကထိကမောင်ထွန်းကြိုင်ခေါ်ပိဋကတ်မောင်ထွန်းကြိုင်ဖြစ်သည်အသက်၅-နှစ်ခန့်အရွယ်မျှနှင့်ပင်လူထုပရိသတ်ရှေ့မောက်၌တရားဟောပြောနိုင်သည်။သူဟောသောတရားမှာလည်းအလွန်နက်နဲသိမ်မွေ့သောဗုဒ္ဓတရားတော်ဖြစ်သည်။

x“လေးသင်္ချေနှင့်ကမ္ဘာတသိန်း၊ ရှစ်သင်္ချေနှင့်ကမ္ဘာတသိန်း၊ တဆယ့်ခြောက်သင်္ချေနှင့်ကမ္ဘာတသိန်းတိုင်တိုင်ပါရမီဖြည့်မှရ၍ ၊သဗ္ဗညုတရွှေဉာဏ်တော်ဖြင့်ဟောကြားတော်မူအပ်သောတရားတော်ကိုရိုရိုသေသေနာကြပါခင်ဗျား။ကျွန်တော်မောင်ထွန်းကြိုင်ကလေးကိုမရိုသေကြပါနှင့်ခင်ဗျား’ဟူ၍အစချီကာဟောပြောသည်။

ဟောပြောရာ၌ဒုစရိုက်၁ဝ-ပါး၊ပုညကြိယာ၁ဝ-ပါး၊ပါရမီ၁၀-ပါး၊ဒွတ္တိံသ၃၂-ပါး၊ခန္ဓာ၅-ပါး၊ဗောဓိပက္ခိယတရား၃၇-ပါး၊သမ္မပ္ပဓာန်၄-ပါး၊ဣဒ္ဓိပါဒ်၄-ပါး၊ဣနြေ္ဒ၅-ပါး၊ဗိုလ်၅-ပါးဗောဇ္ဈင်၇-ပါး၊မဂ္ဂင်၈-ပါး၊လက္ခဏရေး၃-ပါး၊အပါယ်၄-ပါး၊စေတီ၄-ပါး၊ဂုဏ်တော်၉-ပါးစသည်တို့ကိုပါဠိဘာသာနှင့်တကွမြန်မာလိုအ နက်ပြန်၍ရှင်းလင်းဟောပြောသည်။

ခက်ခဲနက်နဲသောအဘိဓမ္မာတရားကိုလည်းရှင်းလင်းဟောပြောသည်။ထို့ပြင်ဗဋိစ္စသမုပ္ပါဒ်တရားတော်ကိုလည်း ရှင်းလင်းဟောပြသည်။ x“အဝိဇ္ဇာချုပ်လျှင်သင်္ခါရချုပ်ပါသည်။သင်္ခါရချုပ်လျှင်ဝိညာဉ်ချုပ်သည်။ဝိညာဉ်ချုပ်လျှင်နာမ်ရုပ်ချုပ်သည်။ နာမ်ရုပ်ချုပ်လျှင်သဠာယတနချုပ်သည်။သဠာယတနချုပ်လျှင်ဖဿချုပ်သည်။ဖဿချုပ်လျှင်ဝေဒနာချုပ်သည်။ဝေဒနာချုပ်လျှင်တဏှာချုပ်သည်။တဏှာချုပ်လျှင်ဥပါဒါန်ချုပ်သည်။ဥပါဒါန်ချုပ်လျှင်ဘဝချုပ်သည်။

ဘဝချုပ်လျှင်ဇာတိချုပ်သည်။ဇာတိချုပ်လျှင်မရဏ၊သောက၊ပရိဒေဝ၊ ဒုက္ခံ၊ ဒေါမနဿ၊ဥပါယာသချုပ်ပါသည်ခင်ဗျား’ စသည်ဖြင့်ကျကျနနတင်ပြဟောပြောသည်။ထို့ပြင်သက္ကာယဒိဋ္ဌိခွာသင့်ကြောင်းကိုလည်း….x”ငါ့ကိုယ်၊ငါ့ရုပ်၊ငါ့နာမ်၊ငါ့ရွှေ၊ငါ့ငွေ၊ငါ့လယ်၊ငါ့ယာ၊ငါ့ကိုင်း၊ငါ့ကျွဲ၊ငါ့မြင်း၊ငါ့ပစ္စည်း၊ငါ့သား၊ ငါ့သမီး ၊ငါ့မယား၊ငါ့အဆွေ၊ငါ့အမျိုး၊ငါသာတတ်သည်၊ငါသာမြတ်သည်၊ငါသာလိမ္မာသည်၊ငါ့သာပညာရှိသည်ဆိုတာသက္ကာယဒိဋ္ဌိကြီးပါခင်ဗျာ။အပါယ်ကြောက်လျှင်ဒိဋ္ဌိကိုခွာကြပါခင်ဗျာ…’စသည်ဖြင့်လည်းဟောကြားသည်။

ကြားနာရသူတိုင်းအံ့ချီးမဆုံးရှိကြသည်။သူသည်မြို့ရွာအများသို့လွှည့်လည်တရားဟောခဲ့သသည်။သူဟိုမြို့ကဖိတ်သည်မြို့ကဖိတ်နှင့်ရှိခဲ့သည်။အံ့ချီးဖွယ်ကောင်းသဖြင့်လူပရိသတ်သာမကရဟန်းပရိသတ်များကပါသူ့တရားပွဲသို့လာရောက်ကြသည်။ပရိသတ်၅ဝဝဝ-ကျော်၆ဝဝဝအထိစည်ကားခဲ့သည်။ရန်ကုန်မြို့ရွှေတိဂုံစေတီတော်ရှိဇရပ်များတွင်တနေ့တနေရာစီရွှေ့ပြောင်းဟောပြောခဲ့ရာ၁၁-ရက်တိတိကြာခဲ့သည်။

ပန်းတနော်မြို့နှင့်ညောင်တုန်းမြို့များ၌တရားဟောစဉ်မောင်ထွန်းကြိုင်ကမိမိသည်ယခင်ဘဝဟောင်းကပန်းတနော်မြို့မှယွန်းကျောင်းဆရာတော်ဘုရားကြီးဦးပဏ္ဍိစ္စဖြစ်ခဲ့ဖူးကြောင်းပြောဆိုသည်။သို့ပြောဆိုရာမှဦးပဏ္ဍိစ္စပုံပန်းသဏ္ဌာန်နှင့်လူအမည်တို့ကိုလည်းပြောပြသည်။ ဆရာတော်ဦးပဏ္ဍိစ္စစီးခဲ့သောလှေအမည်ကိုလည်းပြောပြသည်။အားလုံးမှန်ကန်နေပေသည်။ယွန်းကျောင်းဆရာတော်ဦးပဏ္ဍိစ္စမှာ၁၂ဝ၇-ခုနှစ်တွင်ဖွား၍၁၂၇၇-ခုတွင်ပျံလွန်တော်မူခဲ့သည်။

ဝိနည်းပိဋကတ်တော်တို့ကိုကျွမ်းကျင်စွာတတ်မြောက်သည်။မင်းတုန်းမင်းနှင့်သီပေါမင်းတို့ အထူးရိုသေပူဇော်ခြင်းကိုခံရသောရဟန်းမြတ်ဖြစ်သည်။ မန္တလေးတွင်သီတင်းသုံးတော်မူရာမှ၁၂၄၇-ခုတွင်သီပေါမင်းပါတော်မူသောအခါပန်းတနော်မြို့ယွန်းတိုက်ကြီးတွင်ပြောင်းရွှေ့သီတင်းသုံးတော်မူခဲ့သည်။ ထို့ပြင်မောင်ထွန်းကြိုင်ကထိုစဉ်ကသက်ရှိထင်ရှားရှိနေသောယွန်းကျောင်းတိုက်အုပ်ဆရာတော်ဦးဇာဂရကိုလည်း“မောင်ဇာဂရ’ဟုခေါ်ကာရင်းနှီးစွာပြောဆိုဆက်ဆံခဲ့လေသည်။မောင်ထွန်းကြိုင်သည်ပန်းတနော်မြို့အပိုင်မင်းဆယ်ရွာဇာတိဖြစ်သည်။

၁၂၈၁-ခု၊ပြာသိုလဆုတ်၂-ရက်၊အင်္ဂါနေ့တွင်ဖွားမြင်သည်။အဘမှာကိုဘမောင်၊အမိမှာမမယ်ရီဖြစ်သည်။ကိုဘမောင်နှင့်မမယ်ရီတို့သည်အလွန်ဆင်းရဲကြသည်။မောင်ထွန်းကြိုင်သည်၄-နှစ်သားအရွယ်တွင်မော်လမြိုင်ကျွန်းအပိုင်၊ကျုံလတာရွာသို့ခေတ္တပြောင်းရွှေ့ပြီးစီးပွားရှာကြသည်။ ကိုဘမောင်ကပျိုးနုတ်ကောက်စိုက်အလုပ်ကိုလုပ်သည်။မမယ်ရီကသင်ဖြူးဖျာယက်သည်။

ထိုနောက်မင်းဆယ်ရွာသို့တဖန်ပြန်လာကြသည်။လှေဖြင့်မိသားစုပြန်လာစဉ်ဘိုကလေးသို့ရောက်သောအခါခေတ္တဝင်နားကြသည်။ကိုဘမောင်တို့ကမိတ်ဆွေတဦးကိုသွားရောက်နှုတ်ဆက်သည်။ ထိုနောက်ပြန်လည်ထွက်ခွာမည်ပြုစဉ်မောင်ထွန်းကြိုင်ကသူတော်ကောင်းအိမ်တအိမ်သို့ပို့ပေးပါ။ တရားဟောလိုပါသည်ဆိုသည်။သို့ဖြင့်ဦးရွှေစိုးဆိုသူ၏အိမ်သို့အဘကပို့ပေးရာမောင်ထွန်းကြိုင်ကတရားဟောသည်။ထိုမှစ၍မောင်ထွန်းကြိုင်သည်တရားများဟောခဲ့သည်။

ထိုစဉ်ကအသက်၄-နှစ်နှင့်ဂ-လအရွယ်သာရှိပေသည်။မောင်ထွန်းကြိုင်ကိုဆရာတော်များနှင့်ရဟန်းလူထွက်များကပါဠိစာပေများကိုမေးမြန်းကြရာရဲဝံ့မှန်ကန်စွာပင်ဖြေဆိုပြနိုင်ခဲ့သည်။ မေးမြန်းသောဆရာတော်များတွင် ဆရာတော်ဦးသုဘောဂလည်းပါဝင်သည်။ ဆရာတော်ဦးသုဘောဂမှာ တောင်တွင်းကြီးမြို့မြောက်ဘက်၁၂မိုင်ကွာအရပ်ရှိရဟန္တာကုန်း၌သီတင်းသုံးတော်မူသောအရှင်သူမြတ်ဖြစ်သည်။သက်တော်၆ဂ-နှစ်၊ဝါတော်၄ဂ-ဝါရှိသောတောရဆရာတော်ဖြစ်သည်။

ဆရာတော်ဘုရားသည်မောင်ထွန်းကြိုင်တရားဟောရာဓနုဖြူမြို့သို့ကြွလာပြီးပါဠိကျမ်းဂန်လာစာအချို့ကိုမေးမြန်းတော်မူသည်။မောင်ထွန်းကြိုင်ကမကြောက်မရွံ့ပဲရဲဝံ့မှန်ကန်စွာဖြေဆိုပြခဲ့လေသည်။ထိုခေတ်ကပိဋကတ်မောင်ထွန်းကြိုင်၏အမည်သည်မြန်မာတနိုင်ငံလုံးပျံ့နှံ့ထင်ရှားခဲ့သည်။သူ့အကြောင်းကိုသတင်းစာများကလည်းရေးသားဖော်ပြကြသည်။စာအုပ်များရေးသား၍လည်းထုတ်ဝေရောင်းချကြသည်။

ထို့ပြင်သူ့အကြောင်းကိုကဗျာများဖွဲ့ဆိုကြသည်။သီချင်းများရေးစပ်၍လည်းသီဆိုကြသည်။ယင်းတို့အနက်၁၂-လမ်းဆရာဖောင်ရေးသား၍နာမည်ကျော်အဆိုတော်မစိန်မှုန်သီဆိုသောသီချင်းမှာအောက်ပါအတိုင်းဖြစ်သည်။x“မြတ်ဗုဒ္ဓာသာသနာအတွင်းပေမို့၊လောကုတ္တရာဘာသာအရင်းကိုဖြင့်၊(သြော်)စာဓမ္မခံလင်းခဲ့တာကမောင်ထွန်းကြို…….အမည်ထူးပေသည်။ဆန်းပေသည်။(မှန်ပါပေအတည်)။

အဘိဓမ္မာဓမ္မေသဘောကိုလ၊သုတ်ပိနေယာစာဖြေလို့ဟောခဲ့တာကြောင့်၊ပြောဖွယ်အရပ်ရပ်မှာဖြင့်ကမ္ဘာတည်၊မြန်မာပြည်မှာဖြင့်ဓမ္မကထိကပုဂ္ဂိုလ်ကျော်တဦး(၂)။ထူးပေသည်။ဆန်းပေသည်။(မှန်ပါပေအတည်)။တောင်ကျွန်းဇမ္ဗူဒီ၊လက်ယာမြေမဟီ၊ဓမ္မာရွှေစီရွန်းလို့လာသည်။ပန်းတနော်မင်းဆယ်နဂရ၊ခပင်းနယ်အဝဝ၊စံရမမီ(၂)။တွေးရစ်ဖို့စကားအတည်၊လေးနှစ်သားဇာမနည်။(၂)၊ကိုဘမောင်အမည်၊မမမယ်ရီ၊ပတ္တမြားရွှေကြုတ်မှာ၊အားထုတ်ခါပအတည်။

(ရှေးဘဝကုသလအညီ၊၂)ဓမ္မကထိကမောင်ထွန်းကြိုင်အမည်။၂)ပိဋကတ်သုံးပုံ၊နှုတ်ငုံဆောင်နိုင်ကြည်၊ဟုတ်ပေသည်။ဘုရားဆုပန်မင်းယောက်ျားမို့ထက်မြက်ပေသည်။အဘိဓမ္မာသဒ္ဒာသွင်းလို့၊ရင်းဝဓနတည်ကြည်၊(၂)။(ထူးမြတ်ပေသည်)၂။စာဂီအာသီပါရမီ၊မြန်မာပြည်အဝှန်းမှာ၊ထွန်းတောက်ခဲ့သည်။(ရှေးဘဝကုသလအညီ(၂)၊ကထိက၊မောင်ထွန်းကြိုင်အမည်(၂)ပိဋကတ်သုံးပုံနှုတ်ငုံခေဆာင်နိုင်ကြည်၊ဟုတ်ပေသည်။

ဘဒ္ဒဤကမ္ဘာမှတ်စရာတွေးကြည်၊သဗ္ဗဗုဒ္ဓာဆုပတ္ထနာတောင်းသည်။သတ္တဝါအပေါင်းကိုအောင်ကြောင်းမျှော်ရည်၊ရှိသမျှတောင်းကျွန်းမဟီ၊(၂)၊(ရှေးဘဝကုသလအညီ)(ဓမ္မကထိကမောင်ထွန်းကြိုင်အမည်၂)၊ပိဋကတ်သုံးပုံနှုတ်ငုံခေဆာင်နိုင်ကြည်။ဟုတ်ပေသည်။

(ပတ်စာပိုး)ပိဋကတ်ရွှေစာပြေရွာအတွင်းမှ ာလအသေအချာလင်းခဲ့တာက၊ဓမ္မကထိကအခြေညီ၊သတင်းကြားနှင့်မယုံကြည်၊ အချို့လူကပြောကြ ပေသပ၊နဂိုမူလသဘောမှာတော့ကုသလပါရမီ၊ရှုကြစို့စာသာကီရုပ်ပုံဖိုတိုဘလောက်ကိုလ၊ အဟုတ်ပကြည်ညိုဖို့ရောက်ခဲ့တာ ကမပြတ်မလပ်သပတကယ်ကြည်၊မောင်ထွန်းကြိုင်၏ပါရမီ၊မြန်မာပြည်ဟံသာဝတီအတွင်းမှာလ၊ဖက်ပြိုင်လို့မသီ၊စံတုမမီ၊ရှေးဘဝကကုသလပုညအတည်။(၁၂)လမ်းဆရာဖောင်၊စားသွားနဝင်အေးကြည်။

(မစိန်မှုံ)ဆိုရပြန်တော့သည်။”ထိုခေတ်က“ပိဋကတ်မောင်ထွန်းကြိုင်’အကြောင်းရေးသားထုတ်စာအုပ်များတွင်“ဝိသေသထူးသော၊ပုဂ္ဂိုလ်ထူး၊ဓမ္မကထိက။သုံးဘဝကူးမောင်ထွန်းကြိုင်၏အတ္ထုပ္ပတ္တိ”အမည်ရှိစာအုပ်မှာစုံလင်သည်။ယင်းကိုရန်ကုန်မြို့၊၁ဂ၅ဒါလဟိုဇီလမ်း၊မောင်မြကြည်တံဆိပ်ထုစာပုံနှိပ်တိုက်ကထုတ်ဝေသည်။ထိုစာအုပ်တွင်မောင်ထွန်းကြိုင်၏အတ္ထုပ္ပတ္တိအကျဉ်းကိုလည်းဖော်ပြသည်။

ပန်းတနော်မြို့ယွန်းကျောင်းဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိအကျဉ်းကိုလည်းဖော်ပြသည်။မောင်ထွန်းကြိုင်ဟောပြောသောတရားအချို့ကိုလည်းပူးတွဲပြသည်။မောင်ထွန်းကြိုင်အကြောင်းဖွဲ့ဆိုသောကဗျာနှင့်သီချင်အချို့ကိုလည်းဖော်ပြသည်။ထို့ပြင်မောင်ထွန်းကြိုင်၏ဓာတ်ပုံ၊မောင့်ထွန်းကြိုင်ဖခင်ကိုဘမောင်၏ဓာတ်ပုံ၊ယွန်းကျောင်းဆရာတော်ဘုရားကြီးဦးပဏ္ဍစ္စ၏ပုံတော်၊ထိုစဉ်ကလက်ရှိကျောင်းတိုက်ဆရာတော်ဦးဇာဂရ၏ပုံတော်စသည်တို့ကိုပါဖော်ပြထားသည်။

ထိုစာအုပ်၌မောင်ထွန်းကြိုင်၏အတ္ထုပ္ပတ္တိအကျဉ်းကိုဖော်ပြထားသည်မှာအောက်ပါအတိုင်းဖြစ်သည်။x”ပန်းတနော်အပိုင်၊မင်းဆယ့်ရွာ၌၊မကွာတကွနေထိုင်ကြသော၊အဘမောင်ဘမောင်၊အမိမမယ်ရီတို့တွင်၁၂၈၁ခုနှစ်ပြာသိုလဆုတ်၂ရက်၊အင်္ဂါနေ့ည၉နာရီအချိန်၌၊ဘုန်းကံပါရမီနှင့်ယောက်ျားအာဇာနည်ဟုဆိုအပ်သောသတို့သားမောင်ထွန်းကြိုင်ကိုဖွားမြောက်သန့်စင်အောင်မြင်ခဲ့သည်။

မောင်ထွန်းကြိုင်မှာအသက်၄နှစ်နှင့်၆လ၊သေးငယ်နူနယ်သောအရွယ်ကပင်၊မြတ်စွာဘုရားဟောကြားတော်မူအပ်သောငါးဖြာဓမ္မခန်၊ရပ်နာမ်နှစ်ရပ်၊စွဲကပ်ဒိဋ္ဌိ,ကင်းဘိသက္ကာ။သစ္စာမလပ်၊ပဋိစ္စသမုပ္ပါဒ်၊ရုပ်ဓာတ်စီစဉ်၊ဌီဘင်သဘောတို့ဖြင့်ကောင်းစွာကောင်းစွာဟောပြောနိုင်သည့်ပြင်၊မကြောက်မရွံ့၊စွန့်စွန့်စားစား၊ယောက်ျားကောင်းပီပီ၊တည်ကြည်သောသတ္တိထူး၊သတ္တိမြတ်၊ဂုဏ်သကတ်နှင့်လည်းပြည့်စုံပေ၏။

မောင်ထွန်းကြိုင်မှာ၊ရှေးပုညပါရမီစာဂီဘုန်းကံ။ရင့်သန်ခဲ့ပေရာ၊လူသာမန်တို့ကြံစည်ခြင်းငှာမရရာသောအဘိဓမ္မာဒေသနာတော်ကိုလည်း၊မိမိကိုယ်တိုင်၊ပိုင်ပိုင်နှိုင်နိုင်၊ကြံ့ခိုင်သောသဘောထားဖြင့်ဆန်းပြားစွာဟောကြားပေသည့်အတွက်၊လေးနက်လှစွာသောပရမတ်တရားကိုမှတ်သားနာယူဖို့ရာ၊ကြွရောက်လာကြကုန်သောလူပရိသတ်ရဟန်းပရိသတ်ပုဂ္ဂိုလ်တို့ကအထပ်ထပ်ကောင်းချီးဩဘာပေးခြင်းကိုခံရပေသတည်း။

ဓမ္မကထိကမောင်ထွန်းကြိုင်မှာမိမိတရားဓမ္မဟောပြနေရာတွင်ကြွရောက်သောပရိသတ်အပေါင်းတို့က၊ဆုတောင်းမေတ္တာပို့သလျက်၊ဉာဏ်ပူဇော်ကြသည့်ကြေးငွေအသပြာတို့ကိုမိမိကိုယ်တိုင်၊တရားဟော၍ရေစက်ချပြီးနောက်၊တဖန်ပြန်၍ငွေကြေးအသပြာတို့ကိုစွန့်ကြဲပြန်လေသည်။ဤသူငယ်လေးနှစ်သက်သောအဝတ်မှာသင်္ကန်းရောင်နှင့်မခြားမနား။

ဝါလဲ့လဲ့ရှိသောအင်္ကျီရှည်ကလေးကိုအမြဲဝတ်လေ့ရှိသည့်အပြင်၊စိပ်ပုတီးကိုမပြမလပ်စိပ်၍နေလေ့ရှိ၏။စိပ်ပုတီးကိုမိမိ၏လည်တွင်အမြဲလိုပင်ဆွဲဆင်၍ထားလေ့ရှိပေသည်။တရားဟောပြောမည့်နေရာသို့ရောက်လျင်၊မိမိဘခင်ဦးခေါင်း၌ပေါင်းဆင်ထားသောပဝါကိုအချွတ်ခိုင်းလျက်၊မိမိအပါးတွင်အမြဲနေစေသည်။

ယွန်းကျောင်းတိုက်အုပ်ဘုန်းတော်ကြီးဦးဇာဂရကအမိန့်ရှိသည်မှာမောင်ထွန်းကြိုင်မှာအလွန်တရာမှသေးငယ်နူနယ်သောအရွယ်ဖြစ်ရကားတရားဟောရာတွင်လွန်စွာရှည်လျားသဖြင့်၊အသက်၏အန္တရာယ်ဖြစ်မည်စိုး၍တောင်းပန်သည်မှာတနေ့လျှင်အချိန်အားဖြင့်နှစ်ကြိမ်ကျ၊တကြိမ်လျှင်နံနက်အချိန်တွင်တနာရီခန့်မျှ၊နေ့လယ်အချိန်၌တနာရီခန့်မျှဟောပါဟုပြောကြားပါသော်လည်း၊မောင်ထွန်းကြိုင်ကပြန်ပြောသည်မှာလေးသင်္ချေနှင့်ကမ္ဘာတသိန်း၊ရှစ်သင်္ချေနှင့်ကမ္ဘာတသိန်း၊တဆယ့်ခြောက်သင်္ချေနှင့်ကမ္ဘာတသိန်း၊ဖြည့်ဆည်းပူးမှရသောတရားကိုဟောပြောရပေလိမ့်မည်။

နိဗ္ဗာန်ရွှေပြည်မြတ်သို့မရောက်သေးသမျှကာလပတ်လုံး၊သံသရာဝဋ်အတွင်းနစ်မျော၍လောက၌ပဋိသန္ဓေနေခြင်းဆင်းရဲ၊အိုခြင်းဆင်းရဲ၊နာခြင်းဆင်းရဲ၊သေခြင်းဆင်းရဲတို့သည်ကားအလွန်တရာကြောက်မက်ဖွယ်ကောင်းသည်။

ဒုက္ခအမျိုးမျိုးနှင့်တွေ့ကြုံသောဘဝတမျိုးဖြစ်၍ဟောရမည်ဖြစ်ကြောင်းပြန်ပြောလေသည်။ မိမိမှာ”ဝတ်ကြောင်ပုဆိုး၊ကောင်းကျိုးမပေး” ဆိုသောစကားကဲ့ သို့သူ
တော် သူမြတ်တို့အရောင်အဝါဖြင့်မှောင်တဏှာကင်းရှင်းရန်တောထွက်ခြင်းတည်းဟူသောရည်သန်ကိစ္စကိုကားခဏခဏပြောဆိုလေ့ရှိကြောင်း။မောင်ထွန်းကြိုင်မှာပါဠိဘာသာမှစ၍စီကုံးဖွဲ့နွဲ့ထားသောစာမျိုးတို့ကိုပင် မိမိအလိုအလျောက်ဖတ်ပြနိုင်သည့်စွမ်းရည်ရှိသည့်ပြင်၊ အက္ခရာမှားသောစာများကိုပင်ပြင်ဆင်နိုင်သောသတ္တိထူးလည်းရှိပေသည်။

မိမိနာမည်ရေးလျက်၊၎င်းအောက်တွင်’သမ္မာသဗ္ဗုဒ္ဓမတုလ’ဟူ၍အမြဲရေးသားလျက်ပါသည်။အသင်္ခတဓာတ်၊မြတ်သောနိဗ္ဗာန်ကိုမရမီကာလပတ်လုံး၊ဘုံသုံးပါး၌ကျင်လည်မျောပါရကြကုန်သောသတ္တဝါအပေါင်းတို့အား၊တရားဓမ္မဟောပြနိူင်သောဘဝမျိုးတွင်သာအခါမလင့်၊အသင့်ဖြစ်ရပါလို၏ဟုတိုတိုပင်ဆုတောင်းလေ့ရှိသည်ပြင်၊အဆုံးစွန်သောဘဝတွင်သဗ္ဗညုတရွှေဉာဏ်ရှင်ဖြစ်ရပါလို၏ဟုဆုတောင်း၏။

သူတော်ကောင်း၊သူမြတ်လောင်းတို့၏ဘုန်းကံပါရမီရှိသည့်အလျာက်၊မိန်းမများကိုလွန်စွာရှောင်ရှားသည်။သူ၏မိခင်မှတပါးအခြားသောမိန်းမများကိုမိမိအပါးသို့လာမည်ကိုကားများစွာစိုးရိမ်လေသည်။လမ်းသွားသောအခါမိန်းမများကိုဖယ်ကြပါဟုပြောလေ့ပြောထရှိ၏။မောင်ထွန်းကြိုင်မှာဘိုကလေးမြို့၊မော်လမြိုင်ကျွန်းမြို့များတွင်တရားဟောနေခိုက်၊ဆန်းကြယ်သောစကားတခွန်းကိုပြောဟောထားလေသည်။

ထိုစကားမှာအခြားမဟုတ်။ပန်းတနော်မြို့ကျမှသူ၏အဖြစ်အပျက်ကိုပြောပြမည်ဟုအနည်းငယ်ပါရှိလေသည်။ထိုနောက်များမကြာမီပန်းတနော်မြို့သို့ရောက်လာသောအခါမိမိသည်ဆွမ်းကြွေးသောအိမ်တအိမ်မှာနေစဉ်၊၎င်းဆွမ်းကျွေးသောအိမ်၌ပန်းတနော်မြို့အရပ်ရှိယွန်းကျောင်းတိုက်၌စာပို့ချလျက်နေသော၊တိုက်အုပ်ဦးဇာဂရနှင့်အခြားဘုန်းတော်ကြီးများကိုမြင်သောအခါဦးဇဂရကိုသိသည်ဟု၊သူ့အနီးတွင်ရှိသောလူများကိုမောင်ထွန်းကြိုင်ကပြော၍“မောင်ဇာဂရ’’ဟုခေါ်ပြီးလျှင်အားရရွှင်လန်းစွာဦးဇာဂရကိုယ်တော်၏

ပေါင်ပေါ်သို့တက်ထိုင်ပြီးအနည်းငယ်စကားများကိုပြော၍မိမိသည်၎င်းဦးဇာဂရကိုယ်တော်သီတင်းသုံးသောယွန်းကျောင်းသို့တပါတည်းလိုက်ပါလျက်၊မိမိမွာရှေးဘဝကထိုကျောင်းတွင်ဆရာတော်ကြီးဖြစ်၍နေထိုင်ခဲ့ဖူးသည်။မိမိနေထိုင်ခဲ့ဖူးသောအခန်းကိုအထူးတလည်ရှေးဦးစွာပြလေသည်။မိမိအမည်တော်မှာဆရာတော်ဖြစ်စဉ်ကဦးပဏ္ဍိစ္စဟုအမည်ရှိသည်ဟုပြောပြလေသည်။မိမိတရားဟောသွားသောမြို့ရွာဒေသများတွင်ဦးဇာဂရကိုယ်တော်ကိုအထူးတလည်မိမိနှင့်တပါတည်းပါစေလိုသောဆန္ဒလည်းရှိပေသည်။

သို့မှသာလျှင်ရွှင်လန်းစွာနှင့်တရားဟောပြောပေကြောင်း၊ထို့ပြင်ယွန်းကျောင်းဆရာတော်ကြီးဖြစ်စဉ်တောနယ်ကတပည့်လက်သားများပင့်၍သွားလိုသောအခါမိမိစီးသားသောလှေနာမည်ကိုမောင်ထွန်းကြိုင်က”ဘေဘကြီး”ဟုရုတ်တရက်ထုတ်တ်ဖော်ပြောပြလေ၏။

ယွန်းကျောင်းအနီးအနားတွင်ရှိသည့်ကိုပီကျက်ဥယျာဉ်တွင်းရှိသောညောင်ပင်တပင်တွင်မိမိသည်ပျံလွန်တော်မှုပြီးလျှင်ပြီးချင်းရုက္ခစိုးနတ်၃-နှစ်ကျော်ဖြစ်ပြီးမှယခုလက်ရှိမိခင်ဝမ်းမှာပဋိသန္ဓေနေရ၍ဖွားမြင်လာကြောင်း။ထိုနောက်တဖန်ပြောပြပြန်သည်မှာမိမိအားယွန်းကျောင်းတိုက်ကိုပြန်အပ်ရန်ပြောသောအခါဦးဇာဂရကိုယ်တော်ကမောင်ထွန်းကြိုင်သင်္ကန်ဆီး၍ကိုရင်ကလေးဖြစ်လျှင်ကျောင်းတိုက်ကိုအပ်ပါမည်ဟုပြောထားရပေ၏။မောင်ထွန်းကြိုင်မှာဆရာတော်ဖြစ်စဉ်တွင်ဘုရားဆုကိုအမြဲတောင်းလေ့ရှိ၏။

ဘုရားဆုကိုမတောင်းသူများကားလူဖျင်းလူအဟူ၍မိန့်ကြားဖူးချေသည်။ညောင်တုန်းမြို့၌၁၂၈၆-ခု၊တန်ဆောင်မုန်းလကွယ်နေ့ကတရားမဟောမီရဟန်းပရိသတ်လူပရိသတ်၅ဝဝဝ-ကျော်၊၆၀ဝဝခန့်ရှေ့တွင်မိမိသည်ရှေးဘဝကယွန်းကျောင်းဆရာတော်ဖြစ်ခဲ့ဖူး၍အမည်တော်မှာဦးပဏ္ဍိစ္စဖြစ်ကြောင်း၊ဦးပဏ္ဍိစ္စပုံသဏ္ဌာန်ကိုလည်းအထူးတူအောင်ပြောပြသွားကြောင်း။

ထို့ကြောင့်မြန်မာပြည်အတွင်းမှီတင်းနေထိုင်ကြကုန်သောသူတော်ကောင်းအပေါင်းတို့သည်မိမိတို့နိုင်ငံတော်တွင်အံ့ဖွယ်သရဲထူးကဲသောဘုန်းပါရမီဝသီဓာတ်ခံတို့နှင့်အမှန်ပြည့်စုံသောသူတော်ကောင်းဖြစ်သည့်အံ့တိုင်းမောင်ထွန်းကြီးမှာလောကီအကျိုးကိုစက်ဆုပ်ရွံရှာသောအလိုအာသာလည်းရှိရကားမေတ္တာကရုဏာရှေ့ထားလျက်မောင်ထွန်းကြိုင်အားရှည်လျားမြင့်ကြာခန္ဓာညွန့်လျက်၊ကုသိုလ်ဆက်ဖို့အသက်ရှည်ရာရှည်ကြောင်းဆုတောင်းဆုယူပြုတော်မူကြပါစေကုန်သတည်း။

ဤကားထိုစဉ်ကမောင်ထွန်းကြိုင်အကြောင်းရေးသားဖော်ပြသောအတ္ထုပ္ပတ္တိအကျဉ်းချုပ်များထဲမှတခုပင်ဖြစ်သည်။မောင့်ထွန်းကြိုင်သည်သုံးနှစ်ခန့်ကျော်ကြားထင်ရှားပြီနောက်တစတစရိုးသွားကာနာမည်တဖြည်းဖြည်းမှေးမှန်သွားသည်။နောက်ပိုင်းတွင်သူ့အမညကိုမကြားရတော့ပေ။ထိုအတွင်းသူသည်အိန္ဒိယပြည်သို့သွားရောက်ကာဘုရားဖူးသည်။

မြန်မာပြည်သို့တော်တော်နှင့်ပြန်မလာ။အိန္ဒိယတွင်စာပေပညာနှင့်နက္ခတ်ဗေဒပညာတို့ကိုသင်ယူသည်။ထိုနောက်မြန်မာပြည်သို့ပြန်လာကာမိဘများနှင့်အတူမင်းဆယ်ရွာတွင်နေထိုင်သည်။ထိုနောက်ရန်ကုန်မြို့သို့ပြောင်းရွှေ့လာပြီးဗေဒင်ပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသည်မှာယနေ့အထိဖြစ်သည်။ဦးထွန်းကြိုင်သည်ယနေ့ဗေဒင်ဟောရာတွင်ဦးထွန်းကြိုင်အမည်ဖြင့်မဟုတ်။အခြားနာမည်တခုကိုခံယူ၍ဟောပြောနေပေသည်။

#ဆရာမင်းယုဝေ#winhlaingoo