နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့ အမှု ၂ ခု ဒီနေ့ အမိန့်မချဖြစ်
နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့က ကုလနိုင်ငံတကာတရားရုံးမှာ ၃ ရက်ကြာ ကြားနာတဲ့ ရိုဟင်ဂျာတွေကို
လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာအမှုကြားနာမှုကို တက်ရောက်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်
နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့က ကုလနိုင်ငံတကာတရားရုံးမှာ ၃ ရက်ကြားနာတဲ့
ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာအမှု ကြားနာပွဲကို တက်ရောက်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်
Image caption: နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့က ကုလနိုင်ငံတကာတရားရုံးမှာ ၃ ရက်ကြားနာတဲ့
ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာအမှု ကြားနာပွဲကို တက်ရောက်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့ အမှုတွေထဲက ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့
ဆက်သွယ်ရေးဥပဒေပုဒ်မ အမှုနှစ်ခုကို ဒီနေ့ ဒီဇင်ဘာလ ၂၀ ရက်မှာ အမိန့်ချမှတ်ဖို့ရှိပေမဲ့ တရားသူကြီးက
အကြောင်းပြချက်မပေးဘဲ လာမယ့်သီတင်းပတ်ကို ရုံးချိန်း ထပ်ချိန်းဆိုလိုက်တယ်လို့ ဘီဘီစီက သိရှိရပါတယ်။
တစ်ဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ နောက်ထပ်အမှုတစ်ခုဖြစ်တဲ့ သဘာဝဘေးစီမံ
ဥပဒေပုဒ်မအမှုအတွက် ဒေါက်တာဇော်မြင့်မောင်ကို ဗီဒီယိုကွန်ဖရန်ဇင်းကနေ သက်သေအဖြစ် ထွက်ဆိုနိုင်တယ်ဆိုပြီး
တရားသူကြီးက ဒီနေ့ရုံးချိန်းမှာ ဆုံးဖြတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေတဆင့် သိရပါတယ်။
ဒီနေ့ အမိန့်မချဖြစ်ခဲ့တဲ့အမှု ၂ ခုဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့
မြနန်းဘုံသာလမ်းနေအိမ်ကိုဝင်ရောက်ရှာဖွေရာမှာ စကားပြောစက်(၁၀)လုံး နဲ့ Jammer တစ်စုံ တွေ့လို့ဆိုပြီး
ပို့ကုန်သွင်းကုန် ဥပဒေနဲ့ စတင်စွဲဆိုခဲ့တဲ့ ပထမဆုံးအမှုဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်က ပထမဆုံး အမှုအဖြစ် ဒီပုဒ်မနဲ့
အမှုတပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။
အဲဒီစကားပြောစက်တွေတွေ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့မတ်လမှာ ဆက်သွယ်ရေးဥပဒေနဲ့တရားထပ်စွဲခဲ့တာပါ။
ပို့ကုန်သွင်းကုန်ဥပဒေအရ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်တယ်ဆိုရင် ထောင် ၃ နှစ် ဒါမှမဟုတ်
ငွေဒဏ် ချမှတ်ခံရနိုင်ပြီး ဆက်သွယ်ရေးဥပဒေအရဆိုရင် ထောင် ၁ နှစ် ဒါမှမဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်ချေ ရှိနေပါတယ်။
ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာပြုလုပ်တဲ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင်ရုံးထုတ်ခဲ့ပြီး
ကျန်းမာရေးကောင်းမွန်တာတွေ့ရတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကတဆင့် သိရှိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ စွပ်စွဲမှုတွေနဲ့တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
သဘာဝဘေးစီမံပုဒ်မနဲ့ ပုဒ်မ ၅၀၅ (ခ) တို့အတွက် အမိန့်ချမှတ်ခံထားပြီး
ထောင်ဝတ်စုံနဲ့ ကြားနာမှုတွေကိုတက်ရောက်နေရပါတယ်။