News

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က တပ်မဟာ (၇) ခုလုံးကို ပစ်မိန့်ပေးလိုက်ပြီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က တပ်မဟာ ၇ ခုလုံးကို ပစ်မိန့်ပေးလိုက်ပြီဟု KNLA စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိ ၂ ဦးကို ကိုးကားပြီး ကရင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မကြာသေးခင်က KNU နှင့် KNLA ထိပ်ပိုင်းခေါင်းဆောင်တွေအစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် လာမည့်ကွန်ဂရက်၌ ဆွေးနွေးမည့်အကြောင်းအရာများနှင့် စစ်ကောင်စီကို တိုက်ရေး၊ မတိုက်ရေးကိစ္စကိုလည်းဆွေးနွေးခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် KNLA အရာရှိတစ်ဦးက Salween Press ကိုပြောဆိုကြောင်း အဆိုပါသတင်းဌာနက သတင်းဖော်ပြထားသည်။

“အမြဲတမ်းကော်မတီအစည်းအဝေးမှာ တိုက်ရေးကို အစီအစဉ်ကိုချမှတ်ခဲ့တယ်။ ကွန်ဂရက်မှာ ဆွေးနွေးမယ့်ကိစ္စလည်းပါတယ်” ဟု အမည်မဖော်လိုတဲ့ KNLA တပ်မဟာတစ်ခုမှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

တပ်မဟာ ၇ ခုလုံး ပစ်မိန့်ပေးထားသည်မှာ မှန်ကန်ကြောင်း အခြား KNLA ထိပ်တန်းအရာရှိတစ်ဦးကလည်း အတည်ပြုကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ ဖလူးကြီး၊ ဖလူးလေးဒေသမှ ပြည်သူတွေကို ရှောင်းခိုင်းနေကြောင်း KNLA သတင်းရင်းမြစ်က ပြောကြောင်း Salween Press သတင်းတွင် ရေးသားဖော်ပြသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့စတင်ခဲ့သည့် လေးကေ့ကော်ဒေသတိုက်ပွဲများတွင် KNLA က ပစ်မိန့်ပေးခြင်းမျိုးမဟုတ်ဘဲ KNLA ၏ ကင်းပုန်းများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာမှ စတင်ခြင်း ဖြစ်ကြောင်း လေးကေ့ကော်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

လေးကေ့ကော်ဒေသတွင် ငါးရက်အတွင်းတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၀၀ နီးပါး သေဆုံးခဲ့ကြောင်း NUG ပြန်ကြားရေးနှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- KNU ဗဟိုကော်မတီအစည်းအဝေးတစ်ခုမြင်ကွင်း။(ပုံအဟောင်းဖြစ်သည်)

Photo – KNU