News

လေးကော့ကော် တိုက်ပွဲ၌ ရန်ကုန်တိုင်း လူငယ်အဖွဲ့ဝင် PDF ရဲဘော် ဗညား ကျဆုံး

ကရင်ပြည်နယ် ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်မြို့နယ်တွင် ဖြစ်ပွားနေခဲ့သော တိုက်ပွဲအတွင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း လူငယ်အဖွဲ့ဝင်(လုံခြုံရေးနှင့်စည်းကမ်းထိမ်းသိန်းရေးရာမှူး) ဗညား ကျဆုံးခဲ့သည်ဟု ယနေ့ ဒီဇင်ဘာလ ၁၈ ရက်တွင် ဗညားနှင့် နီးစပ်သည့်ရဲဘော်များက ဖော်ပြ ​ထားသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဗညားသည် KNLA တပ်များနှင့်အတူတိုက်ပွဲဝင်ခဲ့ရင်း ဒီဇင်ဘာလ ၁၇ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော လေးကေ့ကော်မြို့သစ် ဘဲဟိ့ကလော်ရွာ တိုက်ပွဲ၌ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု လေးကေ့ကော် တိုက်ပွဲတွင်း ဆေးအဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။

“၁၆ ရက်နေ့ညက ဒဏ်ရာရတာ ၈ ယောက်။ ဒဏ်ရာရသူတွေကို ညတွင်းချင်းပဲ ခွဲစိတ်ပေးခဲ့တာ ။ ဒဏ်ရာရတဲ့သူတွေက တစ်ယောက်မှမစိုးရိမ်ရဘူး ။ ကျသွားတဲ့ တစ်ယောက်က နောက်နေ့ တိုက်ပွဲမှာ ကျသွားတာလို့သိရတယ်”ဟု ၎င်းက ပြောသည်။

၁၆ ရက်နေ့ ညတိုက်ပွဲ၌ အကြမ်းဖက်စစ်​ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သောကြောင့် PDF ရဲဘော် ၈ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်သည်။

ထိခိုက်ဒဏ်ရာရ PDF အဖွဲ့များကို လေးကေ့ကော် ကိုဗစ်စင်တာမှ တိုက်ပွဲများကြောင့် ဆေးပစ္စည်းများအရေးပေါ်သယ်ယူ၍ ထီးမယ်ဝါးခီး စစ်ဘေးရှောင် စခန်းတစ်ခု၌ပြောင်းရွေ့ ဖွင့်လှစ်ထားသည့် CDM ဆရာဝန်များ ဆေးအဖွဲ့က ခွဲစိတ် ကုသမှုပေးခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၁၆ရက်ညပိုင်းတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် များစွာပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် နောက်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့၌လည်း အကြမ်းဖက်စစ်ကောင်စီတပ်က နံနက် ၉ နာရီကျော်ကျော်အချိန်ကတည်းက ဘဲဟိ့ကလော်၊ ထီးမယ်ဝါခီး အစရှိသည့် ရွာအနီးတစ်ဝိုက်သို့ နက်လက်ကြီးများဖြင့် တစ်နေကုန် အချက် ၁၀၀ ဝန်းကျင်အထိ ပစ်ခတ်ခဲ့သည်။

ထိုတိုက်ပွဲအတွင်း PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည့်အပြင် ထီးမယ်ဝါးခီး၌ လာရောက်ခိုလုံနေသော လေးကေ့ကော်မှ စစ်ဘေးရှောင်ပြည်သူ ထောင်ချီ၍ နေရာထပ်မံ ပြောင်းရွေ့ခဲ့ရသည်။

crd