News

ဘယ်သူမှမလာလည်း အိုလံပစ်ပွဲကို ကျွန်တော်လာမယ်ဆိုပြီး ရှီကျင့်ဖျင်ကို ပြောခဲ့တဲ့ ပူတင်

ဘယ်သူမှမလာလည်း အိုလံပစ်ပွဲကို ကျွန်တော်လာမယ်ဆိုပြီး ရှီကျင့်ဖျင်ကို ပြောခဲ့တဲ့ ပူတင်

တရုတ်သမ္မတရှီကျင့်ဖျင် နဲ့ ရုရှားသမ္မတပူတင်တို့ဟာ ဗုဒ္ဓဟူးနေ့က ဗီဒီယိုကွန်ဖရင့်ကတဆင့်

တွေ့ဆုံခဲ့ကြပြီး အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေ၊ ယူကရိန်း နဲ့ လူ့အခွင့်အရေးဆိုင်ရာ

ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ

ပြုလုပ်ဖို့အတွက်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ကမ္ဘာ့ထိပ်သီးခေါင်းဆောင်နှစ်ဦးကြား

တော်တော်လေးစကားပြောဆိုခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

ပူတင်က ဘေဂျင်းအိုလံပစ်ပွဲတော်ကို သူ တက်ရောက်ဖို့အတွက် မျှော်လင့်ထားပြီး ရှီ နဲ့ တွေ့ဆုံဖို့အထိပါ

ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ ဒါဟာ တရုတ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်

ဘေဂျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို သံတမန်နည်းအရ နိုင်ငံတချို့က သပိတ်မှောက်နေချိန်မှာ

ကိုယ်တိုင်တက်ရောက်မယ်လို့ ပထမဆုံးပြောဆိုခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်လည်းဖြစ်လာခဲ့ပါတယ်။

သူတို့နှစ်ဦးကြားမှာ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးတွေ တည်ဆောက်လာနိုင်ခဲ့ပြီး အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ .

ဖိအားပေးမှုကို အတူတကွရင်ဆိုင်ဖို့လည်း ကြိုးစားနေကြတာဖြစ်ပါတယ်။ ရုရှားအပေါ် အနောက်နိုင်ငံတွေက

ဖိအားပေးနေမှုတွေအတွက် ရှီဆီက ထောက်ခံမှုကို ပူတင်က ရယူနိုင်ခဲ့တယ်လို့ Reuters က ဖော်ပြခဲ့ပြီး

ရှီက ပူတင်ကို Old Friend လို့ ခေါ်ဝေါ်ခဲ့ကာ ပူတင်က ရှီကို Dear Friend လို့ ခေါ်ဝေါ်ခဲ့ပြီး

သူငယ်ချင်းဖြစ်ခဲ့ရတဲ့အတွက် ဂုဏ်ယူကြောင်းလည်း အသီးသီးပြောဆိုခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် ပထမသုံးလပတ်ကာလမှာ တရုတ်နဲ့ရုရှားကြား ကုန်သွယ်မှုဟာ ဒေါ်လာ ၁၀၀ ဘီလီယံအထိရှိခဲ့ပြီး

တနှစ်တာလုံးအတွက် နှစ်နိုင်ငံကုန်သွယ်မှုစံချိန်တင်မြင့်မားလာစေဖို့ မျှော်လင့်ထားကြောင်း ရှီက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရုရှား-တရုတ်ဆက်ဆံရေးက ၂၁ ရာစုရဲ့ နိုင်ငံတကာဆက်ဆံရေးပါရာဒိုင်းတစ်ခုလို့လည်း

ပူတင်က ပြန်လည်ပြောဆိုခဲ့ပြီး ထပ်မံတိုးမြှင့်ဖို့ ဆန္ဒရှိကြောင်းလည်း ဆိုခဲ့ပါတယ်။

၂၀၁၃ က စတင်ကာ သူတို့နှစ်ဦးကြား ၃၇ ကြိမ်အထိ တွေ့ဆုံခဲ့ာကတယ်လို့ ရုရှားဆက်ဆံရေးဌာနရဲ့

မှတ်တမ်းတွေအရသိရပြီး တစထက်တစ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးကို တည်ထောင်နိုင်ခဲ့ပါတယ်

။ နောက်ထပ်လည်း မကြာခဏဆိုသလို တွေ့ဆုံကြဖို့အတွက် ပြောဆိုခဲ့ကြပြီး တဦးနဲ့တဦး ရိုင်းပင်းကူညီမှုနဲ့

အပြန်အလှန်ကာကွယ်ထိန်းကျောင်းမှုတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်ဖွယ်ရာရှိနေတယ်လို့ လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။