News

“လစာ၊ နောင်တစ်ချိန်မှာ ရမယ့် ပင်စင်လစာ၊ နှစ် ၃၀ လောက်လုပ်လို့ ရမယ့် ချီးမြှင့်ငွေ အပြင် ၂၆ နှစ်လုံးလုံး နေခဲ့တဲ့ အိမ်လေးကိုပါ စွန့်လွှတ်လိုက်ပြီ. . . .ဒါပေမယ့် . . .တန်ပါသည်. . .”

“တန်သည်”

တစ်လ ၃ သိန်း ၄သောင်းဆိုတဲ့လစာ စွန့်လွှတ်ထားရပြီ။

မသေမချင်းရနေမယ့် ပင်စင်လစာ

တစ်လ ၁သိန်း ၈သောင်းလောက်လည်းစွန့်လွှတ်ထားရပြီ။

နှစ် ၃၀ လောက်လုပ်လို့ ရမယ့် ချီးမြှင့်ငွေ

သိန်း ၆၀ လောက်လည်း စွှန့်လွှတ်ထားရပြီ။

အခု နောက်ဆုံးလက်ကျန်

၂၆ နှစ်လုံးလုံး နေခဲ့တဲ့ ဘားအံတက္ကသိုလ်ထဲက အခန်းလည်း စွန့်လွှတ်လိုက်ရပြီ။

ကိုယ့်ကြောင့် သူတစ်ပါး ဖိအားမဖြစ်စေလို။

ဘားအံတက္ကသိုလ်ထဲက အခန်း ပြန်အပ်လိုက်ပါပြီ။

လူသားပဲဗျာ နေခဲ့တဲ့နေရာ သံယောဇဥ်ရှိပေါ့

၂၆ နှစ်တောင် နေခဲ့တာဗျ။

ကစားဖော်ကစားဖက် မိတ်ဆွေတွေ တပည့်တွေ

မြက်ခင်းစိမ်းပေါ် ခြေချ ပျော်ရွှင်နေကြလေရဲ့

အားကျတယ်ဗျာ

မြက်ခင်းစိမ်းဟာ ကိုယ့်ရဲ့ ဒုတိယ ချစ်သူ ကိုယ့်ရဲ့သွေးသား။

ကိုယ့်အောက် ငယ်တဲ့သူတွေတောင် ဒေါက်တာဘွဲ့မရဘဲ ဘာစာတမ်းညာစာတမ်းတွေမလုပ်ရဘဲ တွဲဖက်ပါမောက္ခတွေဖြစ်ကုန်ပြီ။ ဂုဏ်ပြုပါတယ်။

ပင်စင်မသွားခင် တွဲဖက်ပါမောက္ခလောက်တော့ ဖြစ်ချင်ခဲ့တာ။

သူ့တစ်ပါးမိသားစုတွေ ဘုရားဖူးသွာကြ ကမ်းခြေသွားကြ မွေးနေ့ပွဲတွေလုပ်ကြ ပျော်ကြ ရွှင်ကြ။ အားရတယ်ဗျာ။

`ဆောင်ထီ့ခလိန်းသန်းလှိုင်´ရဲ့ လက်ကလေးဆွဲပြီး

`ရွှေရင်မျှော်ဘုရား´ လောက်တော့ သွားဖူးချင်မိလေရဲ့။

အလုပ်ကအပြန် သမီးဝယ်လာတဲ့ ​ ကြက်ကြော်ပူပူနွေးနွေးလည်း စားချင်မိလေရဲ့။

မိန်းမ ချက်ကြွေးတဲ့ မုန်းဟင်းခါးလည်း စားချင်မိလေရဲ့။

စွန့်လွှတ်ထားရပြီ ခွင့်လွှတ်ထားရပြီ။

ကိုယ့်သား ကိုယ့်သမီးအရွယ် ကိုယ့်တပည့်အရွယ်လေးတွေ အသက်စွန့်လိုက်ရတာ သိမြင်လိုက်ရတော့

ငါတို့ရဲ့ စွန့်လွှတ်မှုဟာ မပြောပလောက်ပါလား

သဲပွင့်တစ်ပွင့်မျှလောက်သာပါလားလို့ ကိုယ့် ကိုယ်ကို ဆုံးမရတယ်။

၂၀၂၁ ဒီဇင်္ဘာ ၁၀ ရက် တိတ်ဆိတ်ငြိမ်သက် အပြင်မထွက်သပိတ်

မမျှော်မှန်းရဲဘူး

အထူးသဖြင့် ငါတို့ ဘားအံ

အား ….. မထင်ရဘူး

ရန်ကုန်မှာ ပဲပြုတ်သည်တောင် ထွက်မရောင်းဘူးတဲ့

တစ်နိုင်ငံလုံးနီးပါး တိတ်ဆိတ်သွားတယ်။

ထိုက်တန်သည်

ဒီနိုင်ငံသူ နိုင်ငံသားတွေ အတွက် ငါတို့ရဲ့စွန့်လွှတ်မှု။

တန်သည်

ဟောဒီ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက်

ငါတို့ရဲ့စွန့်လွှတ်မှု။

တန်သည်

ကမ္ဘာ့မြေမှာ မြန်မာပြည် တည်ရှိမှု။

ကိုယ့်အတွက်တော့ ဒီတိုက်ပွဲ မနိုင်ရင်တောင်

တန်သွားပြီ။ ။
ဆောင်ထီ့ခလိန်းသန်းလှိုင်

၁၁ – ၁၂ – ၂၀၂၁

ည ၈း၀၈ နာရီ