News

“ဗမာ့ကြောင် (Burmese Cat) ဆိုပြီး ကမ္ဘာ့ကျော်နေတဲ့ ကြောင်မျိုးစိတ်ရဲ့ အံ့ဩဖွယ်တန်ဖိုး”

“ဗမာ့ကြောင်”

ဗမာ့ကြောင် အမတကောင် အမေရိကန်ကို ၁၉၃၀ ခုနှစ်မှာ ရောက်လာခဲ့တယ်။ ဒီကြောင်မကို အမေရိကန်နဲ့ အင်္ဂလိပ်ကြောင်မွေးမြူသူက အနောက်နိုင်ငံ စံချိန်စံညွှန်းအတိုင်း ကျွေးမွေးပြုစုခဲ့ပါတယ်။ ဒီဗမာ့ကြောင်မကနေ ပေါက်ဖွားလာတဲ့ မျိုးဆက်ကို ဗမာ့ကြောင်လို့ အမေရိကန်ကြောင်ချစ်သူတွေက ဒီနေ့အထိခေါ်ကြပါတယ်။

ဗမာ့ကြောင် (Burmese Cat) ဆိုပြီး ကမ္ဘာ့နာမည်ကျော်ကြောင်မျိုးစိတ်ရှိတယ်။ အရောင်က ကြေးနီရောင် ခဲပုတ်ရောင်ပါ။ ဗမာ့ကြောင်မျိုးမူရင်းဒေသက ထိုင်းမြန်မာနယ်စပ်ဒေသပါ။ ဗမာ့ကြောင်မျိုးရင်းမူလအရောင်က ကြေးနီညိုရောင်ဖြစ်ပြီး အခုအရောင်အမျိုးမျိုးဖြစ်နေပါပြီ။

ယေဘူယျအားဖြင့် ဗမာ့ကြောင်မှာ အရောင်လေးမျိုးရှိတယ်။ အညို၊ နက်ညို၊ အညိုဖျော့၊ သနပ်ခါးရောင်တို့ ဖြစ်တယ်။ ဗမာ့ကြောင်မျိုးရင်းက ကျမ်းမာသန်စွမ်းပြီး ရောဂါဘယထွေထွေ ထူးထူးမရှိဘူး။ ဒါပေမယ့် ကြောင်အများစုဖြစ်တတ်တဲ့ ပန်းနာရင်ကြပ်ရောဂါ မဖြစ်အောင်သတိထားရတယ်။ အရွယ်လတ်ဗမာ့မျိုးရင်းကြောင်တကောင်ရဲ့ သက်တမ်းဟာ နှစ် ၂၀ အထိရှိပြီး ကြောင်အုပ်စုထဲမှာ အသက်ရှည်တယ်ပြောလို့ရတယ်။

အင်္ဂလန်က အိမ်မွေးတိရိစ္တန်ရောင်းတဲ့ Pets4home မှာ ဗမာ့မျိုးရင်းကြောင်တကောင်ကို ပေါင် ၇၅၀ (မြန်မာငွေ ၁၈ သိန်းကျော်) အထိစျေးရှိပါတယ်။ အနှိမ့်ဆုံးတကောင်ကို ပေါင် ၂၀၀ (မြန်မာငွေ ၅ သိန်းကျော်) ပါ။

ခွေးကို သဘောကျပေမယ့် ကြောင်ကို သိပ်ကြည့်လို့မရဘူး။ ငယ်ငယ်က ကြောင်တွေ့ရင် အနည်းဆုံး ခြောက်လွတ်လိုက်ရမှ ကျေနပ်တယ်။ ကြောင်မိတ်လိုက်တဲ့ရာသီ အသံသေးအသံကြောင်နဲ့ တိုက်ရှေ့လာအော်နေလို့ ညသန်းခေါင်လေးဂွနဲ့ လိုက်ပစ်ဖူးတယ်။ မနက်ကြပန်းအိုးကွဲလို့ အိမ်နားက ပွစိပွစိအသံပြန်ကြားရတယ်။ ရန်ကင်းကျောက်ကုန်းတောရမေဒိနီမှာ ဒုလ္လဘကိုရင်ဝတ်တုံးက ဆွမ်းစားဆောင်ကကြောင်ကို‌ ရေအပြည့်ဖြည့်ထားတဲ့စဉ့်အိုးထဲ ထည့်ထားမိလို့ ဆူခံထိဘူးတယ်။

အခုပြန်စဉ်းစားကြည့်ရင် စိတ်မကောင်းဘူး။ ကြောင်ပေါက်လေးကိုအမြီးကနေ ကိုင်မြောက်ထားလို့အောက်ကနေ စိုးရိမ်တကြီးနဲ့ မော့ကြည့်နေတဲ့ ကြောင်အမေကြီးသောကကို အခုအရွယ်ရောက်မှ စာနာမိတယ်။

ကြောင်အပါအဝင် သတ္တဝါလေးတွေလဲ လူတွေလိုပဲ သူ့ကံနဲ့သူဖြစ်လာတာပါ။ စားဝတ်နေရေးကျမ်းမာရေးအတွက် မပူပင်မကြောင့်ကြပဲ သက်တမ်းစေ့နေနိုင်တဲ့ ကြောင်တွေ ခွေးတွေ လူတွေ ရှိသလိုအစာကို ချို့ချို့တဲ့တဲ့ ရှာကြံစားသောက်နေရတဲ့ သတ္တဝါလည်းရှိပါတယ်။ သတ္တဝါတခု ကံတခုပါ။

လွင်ဦး (ရန်ကင်း)

Post Views: 7