News

“သစ်သီး နှင့် စားစရာ တန်ချိန် ၂ တန် အထိ ကျွေးမွေးတဲ့ မျောက်ဘူဖေးပွဲတော်”

ထိုင်းနိုင်ငံမှာ မျောက်တွေကို လွန်စွာလေးစားမှုရှိပြီး မျောက်တွေဟာ ကံကောင်းခြင်း၊ ချမ်းသာခြင်း သင်္ကေတအဖြစ် မြင်ကြပါတယ်။

ထိုင်းနိုင်ငံ လူဘူရီမြို့ဟာ ၁၉၈၀ ပြည့်နှစ် လွန်နောက်ပိုင်းက စပြီးတော့ မျောက်တွေ နေထိုင်မှုအတွက် နှစ်စဉ် သီးနှံစားပွဲတွေကို ကျင်းပပေးခဲ့ပြီး ဘာသာရေးဓလေ့ ထုံးတမ်းတစ်စိတ်တစ်ပိုင်းနဲ့ ခရီးသွားစွဲဆောင်မှုလည်း ဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ကူးစက်ရောဂါတွေကြောင့် နှစ်နှစ်ကြာပိတ်ထားပြီးမှ ယခုနှစ်မှာ မျောက်ဘူဖေးပွဲတော်ကို ပြန်လည်ကျင်းပပေးခဲ့ပါတယ်။ ပွဲတော်မှာ မျောက်တွေအတွက် သစ်သီးစားစရာ တန်ချိန် ၂ တန် ကျွေးမွေးလေ့ရှိတယ် လို့လည်း သိရပါတယ်။

မြို့ရဲ့ သက်တမ်း နှစ် ၈၀၀ ရှိ ပရာပရန်ဆန်ယွတ် ဘုရားကျောင်း အပြင်ဘက်မှာ သစ်သီးစားပွဲတွေနဲ့ ဘီးပါတဲ့ သစ်သီးလှည်းစင်တွေပေါ် ဆာလောင်မွတ်သိပ်နေကြတဲ့ မျောက်အကောင်ရေ တစ်ထောင်ခန့်တို့ အစားအသောက်များ အလုအယက်ကို စားသောက်နေခဲ့ကြတာကို တွေ့ရပါတယ်။

ယခုနှစ်မှာ မျောက်တွေဟာ အရှေ့တောင်အာရှမှာ အလွန်အစားများပြီး ရေပန်းစားတဲ့ ဒူးရင်းသီးတွေကို အထူးကြိုက်နှစ်သက်ကြတယ်လို့ မျောက်သစ်သီးစားပွဲတော် စီစဉ်သူ ယောင်ရွတ်သ် ခစ်ဝက်တာနာ နူဆွန့်က ပြောကြားခဲ့ပါတယ်။

ကိုဗစ်စည်းကမ်း ကန့်သတ်ချက်တွေကြောင့် ပွဲတော်ကို လူပေါင်း ၁၀၀ ကျော် လာရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ နှစ်စဉ်ကျင်းပတဲ့ ပွဲတော်မှာ လူတွေက မျောက်ဝတ်စုံတွေ ဝတ်ဆင်ကာ အကတွေနဲ့ ဖျော်ဖြေတဲ့ ဖွင့်ပွဲ အခမ်းအနားကို စတင်ပါတယ်။ မျောက်သစ်သီးစား ဘူဖေးပွဲတော်ကို နှစ်စဉ် မျောက်တွေအတွက် အစာရေစာ နှစ်တန်လောက် ကုန်ကျတယ်လို့လည်း သိရပါတယ်။

ဘန်ကောက်လမ်းညွှန်ကိုစိုင်း