News

PDF ကြီးစိုးနေရာတွင်ရှိသည့် ကျောမြို့ ကပစ (၂၃) တပ်တစ်ခုလုံး တပ်ပြင်မထွက်ရဲဖြစ်နေ

ဒီဇင်ဘာ ၈ ရက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောမြို့အခြေစိုက် အမှတ်(၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၃) တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်၄င်းတို့ ၏မိသားစုဝင်များကို အဆိုပါ စစ်တပ်တာဝန်ရှိသူများက အရေးပေါ်အခြေအနေသတ်မှတ်ထားပြီး တပ်ပြင်ထွက်ခွင့်လုံးဝပိတ်ထားကာ တပ်တွင်း၌သာနေထိုင်ခိုင်းထားကြောင်း အဆိုပါစစ်တပ်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။

အဆိုပါ ကပစ ၂၃ တပ်သို့ PDF တပ်ဖွဲ့ဝင်များက အကြိမ်ကြိမ်ဝိုင်းသည်အထိ ကြုံတွေ့နေရသဖြင့် အရေးပေါ်အခြေအနေမျိုးသတ်မှတ်ထားပြီး တပ်ပြင်ထွက်ခွင့်ပိတ်ထားခြင်းဖြစ်ကာ PDF များ၏ မိုင်းဆွဲခြင်းနှင့် ခြုံခိုတိုက်ခိုက်ခြင်းများကြောင့်လည်း တပ်ပြင်မထွက်ရဲဖြစ်နေကြောင်း သိရသည်။

”ဒီတပ်က မြောက်ယော၊ ပုံတောင်ပုံညာကြားမှာ ရှိတာ။ အဲ့ဒေသမှာလည်း အဲ့ဒီတပ်တခုလောက်ဘဲရှိတာ ကျန်တဲ့တပ်မရှိဘူး။ တပ်ကတော့ဧရိယာအကျယ်ကြီး။ တောကြီးထဲမှာတည်ထားတဲ့ပုံစံမျိုး။ PDF က အဲ့ဒီတပ်ကိုတိုက်ဖို့ အကြိမ်ကြိမ်လာဝိုင်းတာမျိုးရှိတယ်။ အဲ့ဒီတပ်မှာလည်း အင်အားကနည်းတော့မနည်းဘူး။

အပြင်ထွက်ရင် လုံးဝစိတ်မချရတဲ့အခြေအနေမလို့ ပေးမထွက်တာ။နယ်မြေအခြေအနေအရ PDF ပတ်ပတ်လည်ဝိုင်းနေတဲ့အခြေအနေမျိုး”ဟု ကပစ(၂၃)တပ်နှင့် နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါစစ်တပ်တည်ရှိသည့် ဂန့်ဂေါခရိုင်၊ကျောဒေသသည် စစ်ကောင်စီလက်အောက်ခံအနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်တွင်တည်ရှိပြီး ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-YDF၊ ပြည်သူ့တော်လှန်ရေးတပ် ဖွဲ့- PRA စသည့်တော်လှန်ရေးအင်အားစုအများအပြား အခြေစိုက်ဒေသများဖြစ်ပြီး တောတောင်ထူထပ်၍ အခြားဒေသများနှင့်လည်း အလှမ်းဝေးသည့်ဒေသဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ရိက္ခာပစ္စည်းများ နှင့်ငွေ ကြေးများ ထုတ်ယူရန် ယာယီတာဝန်ဖြင့် ထွက်ခွာလာသည့် ဗိုလ်ကြီးသော်ဇင်နှင့်ယာဥ်မောင်း ဒုတပ်ကြပ် စိုးရာဇာထွန်းတို့ပါဝင်သည့် စစ်တပ်ယာဥ်ကို PRA တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၄င်းတို့အား စစ် ဆေးနေစဥ်ထွက်ပြေးရန်ကြိုးပမ်းသဖြင့် PRA တပ်ဖွဲ့က အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါစစ်တပ်တာဝန်ရှိသူများက တပ်ကိစ္စဆောင်ရွက်သည်မှအပတပ်တွင်းဝင်ထွက်ခွင့် လုံးဝပိတ်ပင်ထားပြီး တပ်ကိစ္စဆောင်ရွက်ရန် တပ်ပြင်ထွက်ခွာမည်ဆိုပါက လုံခြုံရေး ယာဥ်တန်းအပြည့်ဖြင့် ဆောင်ရွက်နေမှုများ ပြုလုပ်နေကြောင်း အဆိုပါတပ်နှင့်နီးစပ်သူဒေသခံများထံက သိရသည်။

#ကပစ၂၃ #အရေးပေါ် #PDF PRA #ကျော #AyeyarwaddyTimes