News

“စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာနေသည့် လုပ်ငန်းရှင်များ NUG ထံ အခွန်ဆောင်၊ မဆောင် စစ်ကိုင်း PDF ကစစ်ဆေးမည်”

စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာနေသည့် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများ အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ဝင်ငွေခွန် ပေးဆောင်ခြင်း ရှိမရှိ စစ်ဆေး၊ အရေးယူမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SPDF) က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

လုပ်ငန်းရှင်များ အနေဖြင့် ဖြတ်သန်းသွားလာချိန်တွင် NUG ထံ ဝင်ငွေခွန် ဆောင်ထားသည့် Digital Slip ဖြတ်ပိုင်းများ ပြသရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ၂၀၂၂ ဇန်နဝါရီ ၁၅ ရက်နေ့ ကျော်လွန်ပါက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်သည်ဟုလည်း SPDF က ဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများ၊ အရက်ဘီယာများအား နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထားကာ ရောင်းဝယ်၊ သယ်ယူဖြန့်ဖြူးခြင်းများ မပြုလုပ်ကြရန်လည်း တားမြစ်ထားသည်။

SPDF သည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အလိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းကာ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတခုဖြစ်ပြီး စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ်အများစုတွင် အာဏာသိမ်းစစ်ကောင်စီ တပ်များအား ခုခံတိုက်ခိုက်လျက် ရှိသည်။

စစ်ကောင်စီတပ်များအား အပြင်းအထန် ခုခံတိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အချို့တွင် PDF များ အနေဖြင့် အသာစီး ရလာသည့်အတွက် အခြေခံအုပ်ချုပ်ရေး ယန္တရားများ ထူထောင်နိုင်ရေးအတွက် တိုင်ပင်ဆွေးနွေး အဖြေရှာနိုင်ခဲ့ကြောင်းလည်း NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယမန့်နေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လက်ရှိ စစ်ကိုင်းတိုင်းအတွင်း PDF များမှ ကုန်လမ်း၊ ရေလမ်းကြောင်းများတွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ မသမာသူ အချို့က PDF အယောင်ဆောင်ပြီး တာဝန်ခံများနှင့် ချိတ်ဆက်မှုမရှိဘဲ အများပြည်သူအား စိတ်အနှောက်အယှက်ဖြစ်စေခြင်း၊ ငွေတောင်းခံခြင်းများ ဖြစ်ပေါ်နေကြောင်း စိစစ်တွေ့ရှိရသည့်အတွက် စုံစမ်းဖော်ထုတ်ကာ သတိပေးခြင်း၊ ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း SPDF က ဆိုသည်။

#WhatsHappeningInMyanmar

#RejectMilitaryCoup