ဗဟုသုတ

ခေါင်းထဲကို အမှိုက်တွေ မထည့်နဲ့

တခါတုန်းက အင်္ဂလန်နိုင်ငံမှာ ဆင်းရဲတဲ့ လူငယ်တယောက် ရှိတယ်။ ဆင်းရဲတော့ ကျောင်းမနေနိုင်ဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ် လုပ်ရတယ်။ သူ့အလုပ်က တဘီးတပ် တွန်းလှည်းလေးနဲ့ အော်ဒါမှာတဲ့ ပစ္စည်းတွေကို တအိမ်ချင်း လိုက်ပို့ရတဲ့ အလုပ် ဖြစ်တယ်။

တပတ်ကုန်မှ ၆ ပဲနိပဲ ရတယ်။ ရတဲ့ လခနဲ့ အိမ်ခန်း မငှားနိုင်ဘူး။ အလုပ်ရုံရဲ့ အထပ်ခိုးမှာ နေရတယ်။ ရတဲ့ လခကလည်း စားရရုံပဲ ရပါတယ်။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝပါ။

တနေ့တော့ သူဟာ ခေါင်းလက္ခဏာ ဆရာတယောက်နဲ့ တွေ့တယ်။ ခေါင်းလက္ခဏာ ဆိုတာက ခေါင်းရဲ့ ထူးခြားမှုကို ကြည့်ပြီးဟောတဲ့ဆရာပါ။ မြန်မာနိုင်ငံမှာ ဆိုရင် လက္ခဏာဆရာ၊ ဗေဒင်ဆရာတွေမျိုးပေါ့။ အဲဒီလူငယ်လေးက ခေါင်းလက္ခဏာကို မေးကြည့်ချင်တယ်။

ဈေးနှုန်းကို မေးကြည့်တော့ ၆ ပဲနိ ပေးရမယ်တဲ့။ သူရတဲ့ တပတ်စာလောက် ဆိုတော့ များတယ်။ သူမတတ်နိုင်ဘူး။ ခေါင်းလက္ခဏာ ကြည့်ပြီး တပတ်လုံး ရေသောက် ဗိုက်မှောက် နေရမယ့်ကိန်း ဖြစ်နေတယ်။

သူ ပြန်စဉ်းစားတယ်။ တသက်လုံး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာက တပတ်စာ စားစရာ မရှိတာထက် ပိုဆိုးတယ်။ ဘာပဲဖြစ်ဖြစ် ခေါင်းလက္ခဏာကို မေးမယ် ဆိုပြီး မေးတယ်။ ခေါင်းလက္ခဏာ ဆရာက သူ့ခေါင်းကို သေသေချာချာ ကြည့်ပြီးဟောတယ်။

“ခေါင်းကတော့ အဖိုးတန် ခေါင်းမျိုးဖြစ်တယ်။ အင်္ဂလန်နိုင်ငံရဲ့ ပညာရှိ မက်ကောလင်းလို ခေါင်းမျိုး ဖြစ်တယ်။ အဲဒီလို ခေါင်းထဲကို အမှိုက်တွေမထည့်နဲ့” တဲ့။ အမှိုက်တွေ မထည့်နဲ့ ဆိုတာက ဘာလဲပေါ့။ သူက ပြန်မေးတယ်။

“အေး အမှိုက်တွေ ဖြစ်တဲ့ အပေါစား စာပေတွေကို မဖတ်နဲ့၊ အားတဲ့အချိန်မှာ စာကြည့်တိုက်ကို သွားပါ၊ မက်ကောလင်းရေးတဲ့ စာအုပ်လိုမျိုးကို ဖတ်ပါ” လို့ ပြောလိုက်တယ်။

လူငယ်ဟာ ခေါင်းလက္ခဏာ ပြောတဲ့အတိုင်း စာကြည့်တိုက်ကို သွားတယ်။ မက်ကောလင်းရေးတဲ့ စာအုပ်တအုပ်ကို ငှားတယ်။ ဖတ်ကြည့်တယ်။ အတွေးအမြင်တွေ ပါတဲ့ စာအုပ်ဖြစ်တော့ စစချင်း ဖတ်တော့ နားမလည်ဘူး။

အဲဒီစာအုပ်ကို ပြန်အပ်တော့ စာကြည့်တိုက်မှူးက မေးတယ်။ နားလည်သလားပေါ့။ နားမလည်ကြောင်း ပြောပြတော့ စာကြည့်တိုက်မှူးက ဖတ်ပြီး နားလည်နိုင်တဲ့ သမိုင်းစာအုပ်တွေကို ရွေးပေးလိုက်တယ်။ အဲဒီစာအုပ်ကို ဖတ်ကြည့်တော့ အရမ်း စိတ်ဝင်စားစရာ ကောင်းတယ်။ လောကသစ်တခုထဲ ရောက်သွားသလို ခံစားရတယ်။ အော် စာအုပ်ကောင်းတွေ ဖတ်ရတဲ့အခါ အစားကောင်းတွေ စားရတာထက် အရသာရှိပါလား ဆိုတာကို သိလာခဲ့တယ်။

ဒီလိုနဲ့ အားလပ်တဲ့အချိန်တိုင်းမှာ စာကြည့်တိုက်ကိုသွားပြီး စာဖတ်ဖြစ်လာတယ်။ စာဖတ်ဝါသနာပါလာတယ်။ နောက်အားလပ်ချိန်ကိုရှာပြီး စာကြည့်တိုက်ကို သွားပြီး စာဖတ်ဖြစ်လာတယ်။ နောက်တော့ ဖတ်ရမယ့် စာအုပ်ကိုလည်း ရှာတတ်လာတယ်။ ရွေးချယ် တတ်လာတယ်။

သူဟာ အသက် ၂၆ နှစ်မှာပဲ သူ့ရဲ့ အလုပ်သမားအဖွဲ့မှာခေါင်းဆောင် ဖြစ်လာတယ်။ နောက်ဆုံးမှာသူဟာ အတော်ဆုံး ဗြိတိသျှ ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာခဲ့တယ်။ သူပြောတဲ့ စကားကတော့”စာဖတ်ဝါသနာကို ပြုစုပျိုးထောင်ပါ။

စာအုပ်ဟာလှေကားနဲ့တူတယ်။စာဖတ်တာဟာအဲဒီလှေကားပေါ်တဆင့်ချင်း တက်သွားတာနဲ့တူပါတယ်။ ဘဝအဆင့်အတန်း မြင့်ချင်ရင် စာဖတ်ပါ။ စာဖတ်ရင်းနဲ့ စာကောင်းတွေကို ရွေးချယ်တတ် လာပါလိမ့်မယ်။ သူသာ စာမဖတ်ခဲ့ရင် ဘဏ္ဍာရေးဝန်ကြီး မဖြစ်နိုင်ပါဘူး။ လုပ်နေကျ အလုပ်မှာပဲ အချိန်ကုန်သွားဖို့ ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

crd

Zawgyi

ေခါင္းထဲကို အမႈိက္ေတြ မထည့္နဲ႔

တခါတုန္းက အဂၤလန္ႏိုင္ငံမွာ ဆင္းရဲတဲ့ လူငယ္တေယာက္ ရွိတယ္။ ဆင္းရဲေတာ့ ေက်ာင္းမေနႏိုင္ဘူး။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အလုပ္လုပ္ရတယ္။ သူ႔အလုပ္က တဘီးတပ္ တြန္းလွည္းေလးနဲ႔ ေအာ္ဒါမွာတဲ့ ပစၥည္းေတြကို တအိမ္ခ်င္း လိုက္ပို႔ရတဲ့ အလုပ္ ျဖစ္တယ္။

တပတ္ကုန္မွ ၆ ပဲနိပဲ ရတယ္။ ရတဲ့ လခနဲ႔ အိမ္ခန္း မငွားႏိုင္ဘူး။ အလုပ္႐ုံရဲ႕ အထပ္ခိုးမွာ ေနရတယ္။ ရတဲ့လခကလည္း စားရ႐ုံပဲရပါတယ္။ လက္လႈပ္မွ ပါးစပ္လႈပ္ရတဲ့ ဘဝပါ။

တေန႔ေတာ့ သူဟာ ေခါင္းလကၡဏာ ဆရာတေယာက္နဲ႔ ေတြ႕တယ္။ ေခါင္းလကၡဏာ ဆိုတာက ေခါင္းရဲ႕ ထူးျခားမႈကို ၾကည့္ၿပီးေဟာတဲ့ ဆရာပါ။ ျမန္မာႏိုင္ငံမွာ ဆိုရင္ လကၡဏာဆရာ၊ ေဗဒင္ဆရာေတြမ်ိဳးေပါ့။ အဲဒီလူငယ္ေလးက ေခါင္းလကၡဏာကို ေမးၾကည့္ခ်င္တယ္။

ေဈးႏႈန္းကို ေမးၾကည့္ေတာ့ ၆ ပဲနိ ေပးရမယ္တဲ့။ သူရတဲ့တပတ္စာေလာက္ ဆိုေတာ့ မ်ားတယ္။ သူမတတ္ႏိုင္ဘူး။ ေခါင္းလကၡဏာၾကည့္ၿပီး တပတ္လုံး ေရေသာက္ ဗိုက္ေမွာက္ ေနရမယ့္ကိန္း ျဖစ္ေနတယ္။

သူ ျပန္စဥ္းစားတယ္။ တသက္လုံး ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိတာက တပတ္စာ စားစရာ မရွိတာထက္ ပိုဆိုးတယ္။ ဘာပဲျဖစ္ျဖစ္ ေခါင္းလကၡဏာကို ေမးမယ္ ဆိုၿပီး ေမးတယ္။ ေခါင္းလကၡဏာ ဆရာက သူ႔ေခါင္းကို ေသေသခ်ာခ်ာ ၾကည့္ၿပီးေဟာတယ္။

“ေခါင္းကေတာ့ အဖိုးတန္ ေခါင္းမ်ိဳးျဖစ္တယ္။ အဂၤလန္ႏိုင္ငံရဲ႕ ပညာရွိ မက္ေကာလင္းလို ေခါင္းမ်ိဳး ျဖစ္တယ္။ အဲဒီလို ေခါင္းထဲကို အမႈိက္ေတြမထည့္နဲ႔” တဲ့။ အမႈိက္ေတြ မထည့္နဲ႔ ဆိုတာက ဘာလဲေပါ့။ သူက ျပန္ေမးတယ္။

“ေအး အမႈိက္ေတြ ျဖစ္တဲ့ အေပါစား စာေပေတြကို မဖတ္နဲ႔၊ အားတဲ့အခ်ိန္မွာ စာၾကည့္တိုက္ကို သြားပါ၊ မက္ေကာလင္း ေရးတဲ့ စာအုပ္လိုမ်ိဳးကို ဖတ္ပါ” လို႔ ေျပာလိုက္တယ္။

လူငယ္ဟာ ေခါင္းလကၡဏာ ေျပာတဲ့အတိုင္း စာၾကည့္တိုက္ကို သြားတယ္။ မက္ေကာလင္းေရးတဲ့ စာအုပ္တအုပ္ကို ငွားတယ္။ ဖတ္ၾကည့္တယ္။ အေတြးအျမင္ေတြ ပါတဲ့ စာအုပ္ျဖစ္ေတာ့ စစခ်င္း ဖတ္ေတာ့ နားမလည္ဘူး။

အဲဒီစာအုပ္ကို ျပန္အပ္ေတာ့ စာၾကည့္တိုက္မႉးက ေမးတယ္။ နားလည္သလားေပါ့။ နားမလည္ေၾကာင္း ေျပာျပေတာ့ စာၾကည့္တိုက္မႉးက ဖတ္ၿပီး နားလည္ႏိုင္တဲ့ သမိုင္းစာအုပ္ေတြကို ေ႐ြးေပးလိုက္တယ္။ အဲဒီစာအုပ္ကို ဖတ္ၾကည့္ေတာ့ အရမ္း စိတ္ဝင္စားစရာ ေကာင္းတယ္။ ေလာကသစ္တခုထဲ ေရာက္သြားသလို ခံစားရတယ္။ ေအာ္ စာအုပ္ေကာင္းေတြ ဖတ္ရတဲ့အခါ အစားေကာင္းေတြ စားရတာထက္ အရသာရွိပါလား ဆိုတာကို သိလာခဲ့တယ္။

ဒီလိုနဲ႔ အားလပ္တဲ့ အခ်ိန္တိုင္းမွာ စာၾကည့္တိုက္ကို သြားၿပီး စာဖတ္ျဖစ္လာတယ္။ စာဖတ္ဝါသနာ ပါလာတယ္။ ေနာက္ အားလပ္ခ်ိန္ကို ရွာၿပီး စာၾကည့္တိုက္ကို သြားၿပီး စာဖတ္ျဖစ္လာတယ္။ ေနာက္ေတာ့ ဖတ္ရမယ့္ စာအုပ္ကိုလည္း ရွာတတ္လာတယ္။ ေ႐ြးခ်ယ္ တတ္လာတယ္။

သူဟာ အသက္ ၂၆ ႏွစ္မွာပဲ သူ႔ရဲ႕ အလုပ္သမားအဖြဲ႕မွာ ေခါင္းေဆာင္ ျဖစ္လာတယ္။ ေနာက္ဆုံးမွာ သူဟာ အေတာ္ဆုံးၿဗိတိသွ် ဘ႑ာေရးဝန္ႀကီး ျဖစ္လာခဲ့တယ္။ သူေျပာတဲ့ စကားကေတာ့”စာဖတ္ဝါသနာကို ျပဳစုပ်ိဳးေထာင္ပါ။ စာအုပ္ဟာ ေလွကားနဲ႔ တူတယ္။

စာဖတ္တာဟာ အဲဒီေလွကားေပၚ တဆင့္ခ်င္း တက္သြားတာနဲ႔ တူပါတယ္။ ဘဝအဆင့္အတန္း ျမင့္ခ်င္ရင္ စာဖတ္ပါ။ စာဖတ္ရင္းနဲ႔ စာေကာင္းေတြကို ေ႐ြးခ်ယ္တတ္ လာပါလိမ့္မယ္။ သူသာ စာမဖတ္ခဲ့ရင္ ဘ႑ာေရးဝန္ႀကီး မျဖစ္ႏိုင္ပါဘူး။ လုပ္ေနက် အလုပ္မွာပဲ အခ်ိန္ကုန္သြားဖို႔ ရွိပါတယ္” လို႔ ေျပာခဲ့ပါတယ္။

crd