Local News

“သင်တန်းဆင်းလာတဲ့ PDF ရဲဘော် ၂၀၀ ကျော်ကို ပြည်သူတွေက အောင်သပြေပန်းများဖြင့် ကြိုဆို “

ရန်ကုန်၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် YOMA Fighter ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲ​ဘော် ၂ဝဝကျော်သည် ယနေ့ ဒီဇင်ဘာလ ၄ရက်နေ့တွင် စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး ပြည်သူများက အောင်သပြေပန်းများ၊ အစားအသောက်များဖြင့် လာရောက်ကြိုဆိုခဲ့ကြောင်း YOMA Fighter PDF တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ YOMA Fighter တပ်ဖွဲ့ဝင်သည် အသစ်ပြန်လည် ဖွဲ့စည်းခြင်းဖြစ်ပြီး ယခင်က ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အကြမ်းဖက် စစ်ကောင်စီကို ခုခံတိုက်ခိုက်ခဲ့ပြီး ယခုအချိန်တွင် စနစ်တကျဖြင့် ပြန်လည် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။

YOMA Fighter တပ်ဖွဲ့သည် လက်လုပ်တူမီး သေနတ်များဖြင့်သာ အကြမ်းဖက် စစ်ကောင်စီ ခုခံတိုက်ခိုက်နေခြင်းဖြစ်ပြီး တပ်ဖွဲ့ အသစ်ပြန်လည် ဖွဲ့စည်းပြီးချိန်တွင် တိုက်ပွဲဝင် လက်နက်များ တပ်ဆင်နိုင်ရန် အရေးပေါ် အလှူငွေလိုအပ်လျက်ရှိကြောင်း သိရသည်။