News

“ပြည်သူတွေအတွက် ပေးထားတဲ့ ၁၆၁ သန်းကို အာဏာရှင် လက်ထဲမရောက်အောင် လုပ်ခဲ့လို့ အဂတိမှု နဲ့ တရားစွဲခံရတဲ့ ဆရာဝန်”

“ပြည်သူတွေအတွက် ပေးထားတဲ့ ၁၆၁ သန်းကို အာဏာ သိမ်းပြီး (၁၀) ရက်နေ့မှာ အလှူရှင်တွေဆီကို ပြန်လွှဲပေးခဲ့သူ”

ဒေါက်တာထားထားလင်းကို အဂတိမှု တခုနဲ့ ထပ်တရားစွဲပါတယ်။ အမှုကတော့ သူရဲကောင်းဆန်လွန်းလို့ စွဲခံရတယ်လို့တောင် ဆိုလို့ရပါတယ်။

သူမဟာ ကာကွယ်ဆေးထိုးလုပ်ငန်းရဲ့ ညွှန်ကြားရေးမှူးပါ။ မြန်မာပြည်သူတွေအတွက်ပေးထားလှူထားတဲ့ အလှူငွေတွေကို အာဏာသိမ်းပြီးတဲ့နောက် သူမက အလှူရှင်တွေဆီ ပြန်ပို့ပေးလိုက်တာပါ။ အဲဒီငွေတွေကို သူတို့ မသုံးရလို့ ဒေါသတကြီးနဲ့ အဂတိမှု တပ်ပါသတဲ့။

WHO နဲ့ Unicef က ပြည်သူတွေအတွက် ပေးထားတဲ့ ငွေတွေကို သူတို့က ပြန်မပေးပဲ ထိန်းထားဖို့ပြောပေမယ့် သူမက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ Unicef ကို ပြန်လွှဲပေးခဲ့တာပါ။ စုစုပေါင်း ၁၆၁ သန်းပါ။

ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပဲ တာဝန်ကို အကျေပွန်ဆုံး ထမ်းဆောင်သွားခဲ့တာပါ။ ဒီလိုမျိုး သူရဲ ကောင်းတွေဟာ ကိုယ့်ရဲ့စီနီယာတွေဖြစ်တဲ့အခါ အလွန်ဂုဏ်ယူမိပါတယ်။

တခါတရံ သူရဲကောင်းတွေရဲ့ကမ္ဘာဟာ ဘယ်လိုပင် စွပ်စွဲပုတ်ချနေပါစေ။ နေမဝင်ပဲ အမြဲလင်းလက်နေမယ်ဆိုတဲ့အကြောင်း သူမကို လေးစားစွာ ဂုဏ်ပြုလိုက်ရပါတယ်။

သတင်း ဖတ်ရန်

WHO နှင့် UNICEF တို့မှတစ်ဆင့် ထောက်ပံ့ထားသည့်ငွေများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် UNICEF သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်း နှင့် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ ဖြင့် နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်းတွင် နိုဝင်ဘာ ၃၀ ရက်နေ့ က အမှုဖွင့်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာရုံး စိုက်ထားသည့် အဖွဲ့အစည်းမှ မြန်မာနိုင်ငံသို့ WHO နှင့် UNICEF တို့မှတစ်ဆင့် ထောက်ပံ့ထားသည့်ငွေများကို တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများမှ တင်ပြသည့် စီမံချက်များအလိုက် အသုံးပြုနိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ပေးအပ်ထားပြီး ယင်း ဘတ်ဂျက်ငွေများကို ထိမ်းသိမ်းရန်အတွက် စီမံချက်မန်နေဂျာအဖြစ် ဒေါက်တာ ထားထားလင်းကို ခန့်ထားပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦး မှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှစ၍ COVID-19 ရောဂါပျံ့နှံ့မှုကြောင့် စီမံချက်များအတိုင်း ကာကွယ်ဆေး ထိုးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု မရှိသဖြင့် ဗဟိုအဆင့်တွင် ငွေသားလက်ကျန် ငွေကျပ် ၁၆၁ ဒသမ ၁၉၈ သန်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် ငွေသားလက်ကျန် ငွေကျပ်သန်း ၈၄၀ ကျော် ကျန်ရှိကြောင်းဖော်ပြထားသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ငွေသားလက်ကျန်များကို သုံးစွဲခြင်း မပြုရန်နှင့် ဌစ-၆ ဖြင့် ထိန်းသိမ်းထားရန် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဒေါက်တာ ထားထားလင်း သည် ဗဟိုအဆင့် ငွေသားလက်ကျန် ငွေကျပ် ၁၆၈ ဒသမ ၁၉၈ သန်းအား UNICEF Account သို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ငွေပေးသွင်းခဲ့ခြင်းဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေး ပိုင်ဆိုင်မှုကို နစ်နာဆုံးရှုံး စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးသည် ဆောင်ရွက်သည့် လုပ်ငန်း များတွင် တာဝန်ယူကြီးကြပ်ပြီး စီမံခန့်ခွဲရသူဖြစ်ပြီး ဒေါက်တာထားထားလင်း၏ ဆောင်ရွက်မှုတွင် ကြီးကြပ် စစ်ဆေးရန် ပျက်ကွက်ခြင်း၊ စီမံခန့်ခွဲရန် ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံတော် ဘဏ္ဍာငွေများ နစ်နာဆုံးရှုံး ရန်အတွက် အားပေးကူညီခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးပေါ်ပေါက်ချက်အရ ဒေါက်တာထားထားလင်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၆ အရ လည်းကောင်း၊ ဒေါက်တာစိုးဦးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ ဖြင့် နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်း တွင် ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်နေ့တွင် အမှုဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝလုံး

Nay Thway