News

“တပ်ရင်းထဲမှာ နေနေတာကို ၄၀ မမ နဲ့ အဝုန်းခံရတဲ့ အဖြစ် ရောက်လာပြီ”

ကျိုက်ထို၊ ခလရ ၂ တပ်ရင်းထဲသို့ KNLA နှင့် ကျိုက်ထို PDF ပူးပေါင်းတပ်ဖွဲ့က ၄၀ မမ စိန်ပြောင်းလက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၄ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာရှိ စစ်ကောင်စီ၏ ခလရ ၂ တပ်ရင်းအတွင်းသို့ KNLA၊ ကျိုက်ထို PDF ပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာလ ၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

၄၀ မမ ဖြင့်ပစ်ခတ်ရာ စစ်သား ၃ ဦးမှာ နေရာတွင် သေဆုံးပြီး ၇ ဦး ဒဏ်ရာရကြောင်း၊ ဒဏ်ရာရသူများအား ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် နောက်ထပ် ၁ ဦး သေဆုံးသွားကြောင်း၊ ကျန်ဒဏ်ရာရသူများကို မော်လမြိုင်ဘက်သို့ သယ်ဆောင်သွားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

ယခုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အလားတူ သထုံဘက်မှ ရန်ကုန်ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ ရိက္ခာသယ်ကားတစ်စီးလည်း ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် ဗုံးပစ်တိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများကြောင်း သိရှိရပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်းကိုမူ မသိရှိရသေးပေ။