News

“သစ်ခိုးထုတ်နေသည့် အဖွဲ့ကို ဒေသခံ PDF တပ်ဖွဲ့ က ဖမ်းဆီး”

ဒီဇင်ဘာ ၁၊၂၀၂၁။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ခြောက်ဘီးကား ငါးစီးဖြင့် သစ်ခိုးထုတ်နေသောအဖွဲ့ကို ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ယမန်နေ့ မွန်းလွဲ တစ်နာရီအချိန်ခန့်က ဖမ်းစီးလိုက်ကြောင်း သိရသည်။

သစ်ခိုးထုတ်နေကြောင်း ဒေသခံပြည်သူများက တိုင်ကြားလာသောကြောင့် သွားရောက်ဖမ်းစီးခဲ့ခြင်းဖြစ်ကြောင်း ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ တာဝန်ရှိသူတစ်ဦးက The 74media ကို ပြောပြသည်။

“လူက အားလုံးပေါင်း ၁၆ ယောက် ဖမ်းမိတယ်။ အခုတစ်ခါက ပထမဆုံးအချိန်နဲ့နောက်ဆုံးအကြိမ် ဖြစ်တဲ့အတွက် ကားတွေနဲ့ လူတွေကိုတော့ ပြန်လွတ်ပေးတယ်။ သစ်ပဲ သိမ်းတာ။ နောက်တစ်ကြိမ်ဆိုရင် ကားရော၊ လူရော၊ ပစ္စည်းရော ဖမ်းစီးအရေးယူမှုတွေ လုပ်တော့မယ်” ဟု ပြောသည်။

၎င်းတို့ဖမ်းဆီးခဲ့သော သစ်ခိုးထုတ်နေသောအဖွဲ့တွင် ပိုင်ရှင်နှစ်ဦးအပါအဝင် စုစုပေါင်း ၁၆ ဦး၊ ခြောက်ဘီးကား ၅ စီးအပြင် သိန်း၂၀၀ ခန့်တန်ဖိုးရှိသည့် သစ်တန် ၃၀ ခန့်ကို ဖမ်းဆီးရရှိခဲ့ကြောင်း သူကပြောသည်။

ဖမ်းဆီးရမိထားသော သစ်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ တင်ပြပြီး NUG က ညွှန်ကြားလာသည့်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု သူက ဆက်ပြောသည်။

နောက်နောင် ယခုကဲ့သို့ ကနီမြို့နယ်အတွင်း သစ်ခိုးထုတ်လုပ်ရောင်းချမှုများတွေ့ရှိပါက ပြင်းပြင်းထန်ထန် အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က သတင်းထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အပြင် ရေဦးမြို့နယ်တွင်လည်း အောက်တိုဘာ ၁၄ ရက်က ရေဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကားနှစ်စီးဖြင့် သစ်ခိုးထုတ်နေသည့် အဖွဲ့ကို ဖမ်းဆီးခဲ့သည်။

Photo – Kani people’s Defense Force – KPDF 1