News

“ခရီးသွားပြည်သူတွေကို အတင်းအဓမ္မ လောင်းကစားလုပ်ခိုင်းပြီး လုယက်နေတဲ့ အဖွဲ့”

၃၀ အောက်တိုဘာ ၂၀၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ်(၂)လမ်းမပေါ်ရှိ တံတားဖြူမှတ်တိုင်အနီးတွင် အင်အား(၈)ယောက်ခန့်ရှိသော လူတစုက ခရီးသွားပြည်သူများကို အတင်းလိုက်ဆွဲကာ သူတို့လောင်းကစားဝိုင်းသို့ ခေါ်သွင်းပြီး လောင်းကစားလုပ်ခိုင်းပါသည်။

အုပ်စုဖွဲ့လုယက်သူများက သူတို့ပိုက်ဆံ လေးငါးသောင်းပေးကာ အစမ်းသဘောဖြင့် ဆော့ခိုင်းပြီး သူတို့ပေးဆော့ငွေ လေး၊ငါးသောင်းကုန်တာနဲ့ လောင်းကစားဝိုင်းမှ အပြင်သို့ ပေးမထွက်တော့ပဲ လုယက်ခံရသူများတွင် ပါရှိသော ငွေအကုန်အပြင် ရွှေပါရွှေ အတင်းထုတ်ခိုင်း၊ အတင်းထိုးခိုင်းပြီး လောင်ကစားလုပ်ခိုင်းသောကြောင့် ပါသမျှ အကုန်ပေးခဲ့ရတော့သည်။

သူတို့ဝိုင်းထဲသို့ အတင်းဆွဲခေါ်ခံရကာ သူတို့အုပ်စုကပဲ လုယက်ခံရသူတဦး၊နှစ်ဦးကို ဝိုင်းထားသောကြောင့် အပြင်ကလူများက အဲဒီလူစုဘာလုပ်နေကြသည်ကို ရုတ်တရက်မသိနိုင်ကြပေ။

အုပ်စုဖွဲ့လုယက်သူများတွင် လက်နက်ကိုင်ဆောင်ထားသူများ၊ စိတ္တဇလက်မှတ်ကိုင်ဆောင်ထားသူများ၊ ထောင်ထွက်များ ပါဝင်သည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ပျောက်ဆုံးသွားခဲ့သော ထိုအုပ်စုဖွဲ့ လုယက်ခြင်းများသည် ယခုခပ်စိပ်စိပ် ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်။

လူအများသွားလာသောနေရာ ဈေး၊ ကားမှတ်တိုင် စသည့်နေရာများနှင့် လူပြတ်သောနေရာတချို့တွင် ကျူးလွန်လေ့ရှိကြသည်။

လုယက်သူများ ‌အယောင်ပြလောင်းကစားများမှာ ကြိုးခွေတခုထဲသို့ ‌အပေါက်ဝင်အောင် ထိုးခြင်း၊ ခွက်တခုထဲတွင် ဆံချည်မျှင်ဖြင့် အထူးလုပ်ထားသည့် အဝါတဘက်/အစိမ်းတဘက်ပါစာရွက် တို့ဖြစ်သည်။

ကြိုးအပေါက်ထိုးခြင်းသည်လည်း သူတို့ကြိုက်သလို လုပ်လို့ရသည်။ အဝါအစိမ်းသည်လည်း သူတို့ကြိုက်ရာ ကျအောင်လုပ်လို့ရသည် ဖြစ်သောကြောင့် လိမ်စားသည်ဟုလည်း ပြောလို့ရသည်။

သက်ဆိုင်ရာသို့ တိုင်ကြားရင်လည်း မလွယ်ကူသောကြောင့် ကိုယ့်ဘာသာကြိုတင်ရှောင်ရှားနိုင်မှ ဖြစ်ပေမည်။

ယနေ့ တံတားဖြူတွင် လုယက်သောအုပ်စုက “CNG gas ဆိုင်အနီး ကွမ်းယာဆိုင်တွင် စခန်းချလေ့ရှိသူများ” အမျိုးသမီးတယောက်ထံမှ ငွေ(၇၀၀၀၀)ကျပ်ခန့် လုယက်ပြီး ကားပေါ်တက်ပြေးသွားသည်။ သူတို့ကို ဓာတ်ပုံလှမ်းရိုက်ထားသူအား မှတ်တိုင်တွင် လုယက်သူအဖွဲ့မှ ကျန်ခဲ့သူတဦးက ဓားဖြင့်ထောက်ကာ ဓာတ်ပုံဖျက်ခိုင်းသည်ဟု ကြားသိရသည်။ ဓာတ်ပုံကို ဓာတ်ပုံရိုက်သူ၏ နည်းပညာကျွမ်းကျင်မှုကြောင့် ပြန်လည်ရရှိခဲ့သည်။

မိဘပြည်သူများ လူလိမ်များဘေး၊ လုယက်သူများဘေးမှ ကင်းဝေးကြပါစေ။ လမ်းခရီးသွားရင် သတိထားသွားကြပါခင်ဗျာ။

Photo&News- Austin Ronan