News

“စဖွင့်တဲ့ နေ့မှာပဲ အလှူရှင်ပေါ်လာလို့ ပြည်သူတွေ အခမဲ့စားခွင့်ရခဲ့တဲ့ မန္တလေးက (၅၀၀) ကျပ်တန် ထမင်းဆိုင်”

Dec 1, 11:46 AM

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၉၀နှင့်လမ်း၃၀ထောင့်၊ ကျောက်ဆစ်မီးသတ်၏မြောက်ဘက်တွင် ကျပ်ငါးရာတန် တန်ဖိုးနည်းထမင်းဆိုင်စတင်ဖွင့်လှစ်သည့် ယနေ့ပထမရက်အစ၌ လူဦးရေ၄၀၀စာအတွက် ငွေကျပ်နှစ်သိန်း၊ နှစ်ရက်စာအတွက် စုစုပေါင်းငွေကျပ်လေးသိန်းကို လူငယ်တေးသံရှင် စစ်ပိုင်ထက်(ခ)ဆမ်ဆမ်က လှူဒါန်းကြောင်း သိရသည်။

“ဆမ်ဆမ်က လက်ရှိမှာတော့ နိုင်ငံခြားမှာပညာသင်ဖို့ ရောက်နေတာပါ။ တနေ့က သူနဲ့ဆက်သွယ်ဖြစ်တုန်းက မန္တလေးမှာလည်း တန်ဖိုးနည်းထမင်းဆိုင်ဖွင့်မယ်ဆိုရင် သူလှူဒါန်းချင်တယ်လို့ ကျမကိုပြောတယ်။ လမ်း၉၀မှာဖွင့်တော့မယ့် ဒီဆိုင်လေးအကြောင်းသိသိရချင်းပဲ လှူဒါန်းဖို့ရာ ဆက်သွယ်လိုက်တာပါ။ ဆမ်ဆမ်ရဲ့အလှူအတွက် လာရောက်သုံးဆောင်ကြတဲ့သူတွေကို ဆမ်ဆမ်ကိုယ်စား ကျေးဇူးတင်ကြောင်းနဲ့ ဒီအလှူအတွက် ဝမ်းသာပီတိဖြစ်ရတဲ့အကြောင်း ပြောလိုပါတယ်”ဟု တေးသံရှင် ဆမ်ဆမ်၏ မိခင်ဖြစ်သူ ဒေါ်သီတာစမ်းက ပြောသည်။

အဆိုပါ တန်ဖိုးနည်းထမင်းဆိုင်ဖွင့်လှစ်သောယနေ့ နံနက်၁၁နာရီမှစတင်၍ ကြက်သားချက်၊ ကင်းပုံသီးနှင့်မျှစ်ကြော်၊ ငံပြာရည်ဖျော်၊ ချဉ်ရည်ဟင်းတို့ဖြင့် စတုဒိသာအဖြစ် ကျွေးမွေးခြင်းဖြစ်သည်။

“ဒီနေ့မှာ အလှူရှင်ရှိလို့ ကျပ်ငါးရာမယူပဲ ကုသိုလ်ဖြစ် ကျွေးမွေးပါတယ်။ ရတဲ့အချိန်တိုတွင်း‌လေးမှာ အားချင်းစီစဉ်လိုက်ရတဲ့အတွက် နောက်ရက်တွေမှာတော့ အရံဟင်းအသီးအရွက်ကြော်ကို နှစ်မျိုးထားပေးပါမယ်။ အသားဟင်းတွေ ထပ်တိုးပေးမယ်။ လမ်းဘေးမှာ ရောင်းရတာဖြစ်လို့ လာစားသူတွေနေပူသက်သာအောင် နောက်ရက်တွေမှာတော့ ညနေပိုင်း၄နာရီလောက်ကနေမှ စတင်ရောင်းချပေးပါမယ်။ အခုဆိုရင် မန္တလေးမှာလည်း တန်ဖိုးနည်းထမင်းဆိုင်တွေထပ်ပေါ်လာတော့မယ်ဆိုတာကြားရတာ ဝမ်းသာစရာကောင်းပါတယ်”ဟု ထမင်းဆိုင်စီစဉ်သူ ဒေါ်ငြိမ်းကရှင်းပြသည်။

(အလှူရှင် ဆမ်ဆမ်)

မန္တလေးမြို့တွင် ဒီဇင်ဘာ၁ရက်မှစတင်၍ ကျပ်ငါးရာတန် တန်ဖိုးနည်းထမင်းဆိုင်များ ဖွင့်လှစ်လာပြီဖြစ်ရာ ဖွင့်လှစ်ရန် ပြင်ဆင်နေကြသည့်ဆိုင်အများအပြားလည်း ရှိနေပေသည်။

#မန္တလေးသတင်းကွန်ရက်