ရွှေတံဆိပ်များရှင် နိုင်ငံ့ဂုဏ်ဆောင် ပြေးခုန်ပစ်အားကစားသမားမယ်ဟောင်းတယောက်ဖြစ်တဲ့ ဒေါ်ခင်ခင်ထွေးဟာ စက်တင်ဘာ ၃၀ ရက်ညပိုင်းမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
ဒေါ်ခင်ခင်ထွေးဟာ ကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ်အရွယ် ရှိနေပြီဖြစ်ကာ အသည်း ကင်ဆာရောဂါနဲ့ ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့ဂုဏ်ဆောင် အပြေးမယ် ဒေါ်ခင်ခင်ထွေးဟာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် ၁၀ ခုအထိ ရယူပေးနိုင်ခဲ့ပြီး ပြိုင်ပွဲပေါင်းစုံမှာ ရွှေတံဆိပ်အခု ၃၀ ထိရရှိ ထားခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် အိုလံပစ် အားကစားပွဲတော်မှာလည်း ၁၉၈၈ ခုနှစ် ဆိုလ်းပွဲတော်၊ ၁၉၉၂ ခုနှစ် ဘာစီလိုနာပွဲတော်၊ ၁၉၉၆ ခုနှစ် အတ္တလန္တာပွဲတော်တွေမှာ ၃ ကြိမ်ဆက်တိုက် နိုင်ငံ့ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မီတာ ၁၅၀၀ နဲ့ ၃၀၀၀ တို့မှာ စံချိန်တင်နိုင်ခဲ့သူ လည်း ဖြစ်ပါတယ်။
အပြေးမယ် ဒေါ်ခင်ခင်ထွေးဟာ အားကစားသမားဘဝကနေ အနားယူပြီးနောက် ပြေးခုန်ပစ် အဖွဲ့ချုပ်မှာ နည်းပြအဖြစ်ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာတော့ သူ့ရဲ့နာရေးသတင်းအပေါ် အားကစားလောက၊ ချစ်ခင်ကြတဲ့ ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရ ကြောင်း မှတ်ချက်တွေ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားနေကြပါတယ်။