Local News

လက်မောင်းတုဖြင့် ဒိုင်လူကြီးတွေမျက်ရည်ကျသွားလောက်တဲ့အထိ ကျွမ်းကျင်စွာတယောတီးခတ်ပြသွားခဲ့တဲ့ အမျိုးသမီး

ဂျပန်တယောသမားတစ်ဦး Manami Ito အမည်ရှိအမျိုးသမီးဟာ CBS ၏သရုပ်မှန်စွမ်းရည်ပြပွဲ“ The World’s Best” တွင် သူမရဲ့လက်မောင်းတုဖြင့် စွဲမက်ဖွယ်တစ်ကိုယ်တော်ဖျော်ဖြေသည့်အခါ ပရိသတ်များနှင့်အကဲဖြတ်ဒိုင်များကို အံ့ဩသွားစေခဲ့ပါတယ်။

Manami ဟာ သူမအသက်ခုနစ်နှစ်သာရှိသေးတဲ့အရွယ်မှာ တယောကိုစတင်တီးခတ်ခဲ့ပြီး ၎င်းတူရိယာကိုချက်ချင်းချစ်မိသွားခဲ့ပါတယ်။ သို့ပေမယ့် ကံမကောင်းစွာနဲ့ သူမအသက် ၂၀ အရွယ်မှာ Manami ဟာ ကုန်တင်ကားကြီးတစ်စီးနဲ့ မတော်တဆမှုတစ်ခုကြောင့် သူမရဲ့လက်မောင်းတစ်ဖက်ကို ဝမ်းနည်းစွာ ဆုံးရှုံးခဲ့ရပါတယ်။

သူမရဲ့မျှော်လင့်ချက်အားလုံးဆုံးရှုံးသွားတာကြောင့် တယောကိုစွန့်ဖို့ကလွဲပြီး သူမမှာရွေးချယ်စရာမရှိဘူးလို့ သူမတွေးထင်ခဲ့ရပါတယ်။

ထို့ပြင် Manami ဟာ ကျောင်းထွက်ကာ တစ်နှစ်လောက် အိမ်ပြင်မထွက်ဘဲ နေခဲ့ပါတယ်။ သို့ပေမဲ့ သူမရဲ့မိခင်ဖြစ်သူက သူမရဲ့သမီးငယ်လေးတယောတီးတာကိုပြန်ကြည့်ချင်ကြောင်း တဖွဖွအမြဲပြောနေခဲ့တာကြောင့် ၎င်းက သူမအတွက် စိတ်စွဲကာ သံယောဇဉ်တစ်ခုလိုဖြစ်လာစေခဲ့ပါတယ်။

နောက်ပိုင်း သူမဟာ လက်မောင်းအတုနဲ့ နေ့တိုင်း ကြိုးစားလေ့ကျင့်လာခဲ့ပြီး သူမရဲ့ အရည်အချင်းတွေကလည်း တကယ့်ကို ဆက်လက်တောက်ပလာနေခဲ့ပါတယ်။ သူမဟာ ကမ္ဘာကြီးကိုလှုံ့ဆော်ရန်နှင့်ကြိုးစားမှုဖြင့်ဘယ်အရာမဆိုကိုဖြစ်အောင်လုပ်နိုင်ကြောင်းကိုသက်သေပြလိုခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲနေ့မှာတော့ သူမရဲ့စွဲမက်ဖွယ်ကောင်းလွန်းတဲ့စွမ်းဆောင်ရည်ဟာ အကဲဖြတ်ဒိုင်များကိုပင် မျက်ရည်ကျသွားစေခဲ့ပြီး ပရိသတ်များက သူမအတွက် လက်ခုပ်တီးပေးကြတဲ့အခါ ၎င်းဟာ သူမရဲ့မျက်နှာ၌ကြီးမားတဲ့အပြုံးကို ဖြစ်ပေါ်လာ​စေခဲ့ပါတယ်။

သူမရဲ့ပြောင်မြောက်တဲ့တယောတီးစွမ်းရည်ကြောင့် အင်တာနက်သုံးစွဲသူတို့ရဲ့နှလုံးသားကို အရည်ပျော်သွားစေခဲ့ပါသေးတယ်။ “ သူမက လက်မောင်းအတုနဲ့ကောင်းကောင်းတီးခတ်ပြနိုင်ခဲ့တာက အရမ်းအံ့သြစရာကောင်းတယ်၊ လူအများစုက လက်မောင်းအစစ်နဲ့တီးရင်တောင် ဒီလောက်ကောင်းကောင်းတီးနိုင်မှာမဟုတ်ဘူး ”၊

“ ဒါက ငါကြားဘူးသမျှထဲမှာအလှဆုံးအရာဘဲ သူမက အရမ်းထက်မြက်တယ် ” ၊ “ သူမက အရမ်းတော်တာဘဲ ငါ မျက်ရည်တောင်ကျတယ်၊ သူမကိုဘုရားသခင်ကောင်းချီးပေးပါစေ!” စတဲ့အပြုသဘောဆောင်မှတ်ချက်များဖြင့် တုံ့ပြန်ပေးခဲ့ကြပါတယ်။