News

နောက်ဆုံးနှစ် ကျောင်းသားတွေကို ဘီအီးဒီဘွဲ့ပေးပြီး လစ်လပ် CDM ဆရာ၊ ဆရာမ နေရာတွေကို အစားထိုးဖို့ စစ်ကောင်စီပြင်ဆင်

တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်က နောက်ဆုံးနှစ် ကျောင်းသား ၄၀၀ လောက်ကို ဘီအီးဒီ ပညာရေးဘွဲ့ ပေးပြီး CDM ဆရာ၊ ဆရာမတွေနေရာမှာအစားထိုးဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။

စစ်ကိုင်းမြို့ ရွာသစ်ကြီးမှာရှိတဲ့ အဲဒီတက္ကသိုလ်မှာ စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဒုဝန်ကြီး စက်တင်ဘာ ၂၉ ညနေပိုင်းက လုံခြုံရေးအပြည့်အစုံနဲ့ရောက်နေပြီး ဘီအီးဒီပညာရေးဘွဲ့ပေးဖို့ကိစ္စနဲ့လည်းညဆက်စပ်နေတယ်လို့ သတင်းရင်းမြစ်အဆိုအရ သိရပါတယ်။

အဲဒီတက္ကသိုလ်ဟာ ပညာရေးဌာနလက်အောက်မှာ မူလကတည်းက မရှိဘဲ စစ်တပ်နဲ့ ဆက်စပ်တဲ့ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးဌာနအောက်မှာပဲရှိနေခဲ့ပြီး အာဏာသိမ်းမှုမှာ ဆရာတွေရော ကျောင်းသားတွေ CDM မလုပ်တဲ့ အရေအတွက် အများဆုံးကျောင်းလည်းဖြစ်ပါတယ်။

အဲဒီလိုပဲ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ကောလိပ်၊ တက္ကသိုလ်အများစု CDM ကြောင့် အပြည့်အဝမလည်ပတ်ပေမယ့် ဒီတက္ကသိုလ်ကတော့ စစ်တပ်ထိန်းချုပ်မှုအောက်မှာ အပြည့်အဝလည်ပတ်နေတဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။

အဲဒီတက္ကသိုလ်ဟာ ၁၉၆၄ ကတည်းက ဒေသခံ လယ်သမားတွေမြေယာတွေကို သိမ်းပြီး တိုင်းရင်းသားတွေအတွက်ဆိုပြီး ကျောင်းစဖွင့်ပြီး ၅နှစ်တာ ကျောင်းအိပ်ကျောင်းစားနေပြီးရင် အခြေခံဆရာ၊ ဆရာမတွေအဖြစ် တာဝန်ထမ်းစေခဲ့တာဖြစ်ပါတယ်။

Khit Thit Media