အရမ်းစိတ်ဓာတ်ကျနေပြီဆိုရင် ဒီ post လေးကို ပြီးတဲ့အထိ အချိန်ပေးပြီး ဖတ်ကြည့်စေချင်ပါတယ် မနာလိုသူတစ်ယောက်က အက်စစ်နဲ့ ပက်ခံခဲ့ရတဲ့ ဆရာဝန်မလေးတစ်ယောက်ရဲ့ တကယ့်ဖြစ်ရပ်မှန်ပါ အလွန်ဆုံးကြာ မိနစ် ၂၀ ပါ ခွန်အားတစ်ခုခု ရသွားပါလိမ့်မယ်။
သူ့နေရာမှာ တခြားလူသာဆိုရင် ဆယ်ခါပြန်လောက်ကိုယ့်ကိုကိုယ်သတ်သေမှာ ဒါမှမဟုတ်ရင်လည်း အခုလို ကလေးအထူးကုဆရာဝန်ဖြစ်ဖိုလပိုင်းလေးအလိုမှာမှ မျက်မမြင် ရုပ်ပျက် ဆင်းပျက်ဖြစ်ပြီး လူတောမတိုးဝံ့တော့အောင် လုပ်ခဲ့သူကို နာနာကျည်းကျည်းနဲ့ လက်စားချေကြမယ်ထင်တယ်
ကြောက်စရာ မစ္ဆရိယစိတ် လူတွေတစ်ဦးနဲ့ တစ်ဦးမနာလိုစိတ်တွေ မလိုမုန်းထားစိတ်တွေနဲ့ တိုက်ခိုက်လာကြတယ် တစ်ချို့က ဘဝပျက်အောင် ရည်ရွယ်ပြီးတိုက်ခိုက်ကြတယ် တစ်ချို့က နာမည် ပျက်အောင် ရည်ရွယ်ပြီးတိုက်ခိုက်ကြတယ်။
တစ်ချို့က မိသားစုပျက်စီးပြိုကွဲအောင်တိုက်ခိုက်ကြတယ် တစ်ချို့က ပါးစပ်အရသာခံပြီး သူတပါးကို တိုက်ခိုက်ကြတယ် တစ်ချို့က သူတပါး စီးပွါးရေး ပျက်စီးအောင် တိုက်ခိုက်ကြတယ် တစ်ချို့က ကိုယ်နာမည်ကြီးဖို့အတွက် သူတပါးကိုတိုက်ခိုက်ကြတယ်။
ဟုတ်တာရော မဟုတ်တာရော အပိုတွေရော အလိုတွေရော ဒီလိုမစ္ဆရိယ စိတ်နဲ့ ယုတ်မာမှုတွေက အခုမှရှိလာတာလားဆိုတော့ မဟုတ်ဘူး အရင်ကတည်းက တစ်ဖက်သားအပေါ် မလိုမုန်းတီးမှုနဲ့တိုက်ခိုက်ခဲ့ကြတာ ဘဝပျက်တဲ့အထိ တိုက်ခိုက်ခံရသူတွေ ရှိခဲ့ကြတယ် တစ်ချို့ သတ္တိရှိလွန်းသူတွေကျတော့ ဘဝပျက်တဲ့အထိ တိုက်ခိုက်ခံရတာတောင် လောကကြီးကို အရှုံးမပေးဘဲ ဘဝ ပြေးလမ်းမှာ မာန်တင်းပြီး ဆက်လျှောက်တယ်။
ဘာတွေပဲဖြစ်လာဖြစ်လာ ဘဝကြိုးဝိုင်းထဲမှာ အလဲထိုးမခံတတ်တဲ့ သူတွေထဲက သတ္တိအရှိဆုံးလို့ ပြောလို့ရနိုင်တဲ့ ဆရာဝန်မလေးတစ်ယောက်အကြောင်း ပြောပြချင်ပါတယ် အခုဆို စာရေးဆရာ ဆရာဝန်မကြီးတစ်ယောက်ဖြစ်နေသူပါ ဘဝမှာ သူတပါးရဲ့ ထိုးနှက်တိုက်ခိုက်ခံရသူများ အားအင်အပြည့်နဲ့ ကြံ့ကြံ့ခံ ရပ်တည်နိုင်ကြပါစေရှင်။
ချစ်ခြင်းအားဖြင့် နန်းတင်မိုးသူ
ဘဝ ရည်မှန်းချက် ကြီးမားခဲ့တဲ့ ဒေါက်တာ ခင်သစ်နှင်းဟာ ကလေးအထူးကု ဆရာဝန် ဖြစ်လုလု နှစ်လခန့် အလိုမှာ တခြား ဆရာဝန် မတယောက်က မျက်နှာကို အက်စစ်နဲ့ ပက်တာခံလိုက်ရပြီး အမြင် အာရုံ ကွယ်ပျောက် ရုံမက နဖူးရဲ့ အောက်မျက်နှာ တခုလုံးနဲ့ ရင်ညွန့်ပါ အက်စစ်စားတဲ့ဒဏ်ကို ခံလိုက်ရတယ်။
ဒီအဖြစ်မျိုးကို ကိုယ်ခံစားရရင် အမှောင်ကမ္ဘာ ကြီးထဲမှာ ဘယ်လောက် စိတ်ဓာတ်ကျစရာ ကောင်းမလဲ။ ဘဝကို ဘယ်လို ဆက်လက် ရှင်သန်ရပ်တည် နေထိုင်မလဲ။ဒေါက်တာ ခင်သစ်နှင်းကတော့ ယခုအချိန်မှာ သူငယ်ချင်းတွေနဲ့ အတူ ကိုယ်ပိုင်ဆေးခန်း ဖွင့်တယ်။ စာတွေရေး တယ်။ “အဓိဋ္ဌာန် မှန်ပေါင်လေးတချပ်”၊ “မမြင်ရတဲ့ မြင်ကွင်းများ” နဲ့ “ပီတိမြင်ကွင်း” ဆိုတဲ့ စာအုပ်တွေ ရေးသားခဲ့ တယ်။ ပရဟိတ အလုပ်တွေကိုလည်း လုပ်နေပါတယ်။
သူ့ဘဝကို ဘယ်လို အားမာန်တင်းပြီး ပြန်လည်ထူထောင်လာခဲ့တာလဲ ဆိုတာကိုသိချင်လို့ မန္တလေးမြို့က သူ့အိမ်ကို ကျနော်သွားပြီး ဒေါက်တာခင်သစ်နှင်းနဲ့ စကားစမြည် ပြောတယ်။ဒေါက်တာ ခင်သစ်နှင်းရဲ့ ဖခင် ဒေါက်တာ ခင်မောင်ရီက မုံရွာဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်တဲ့ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဖြစ်ပါတယ်။
“မောင်စန်းသော်” ကလောင် အမည်နဲ့ ကဗျာတွေ ရေးပြီး ကဗျာစာအုပ်တွေ ထုတ်ဝေခဲ့ တယ်။ဒေါက်တာ ခင်သစ်နှင်းက မန္တလေး ဆေးတက္ကသိုလ်မှာ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ပြီး ကလေးအထူးကု ဆရာဝန် ဖြစ်ဖို့ ဆေးတက္ကသိုလ် ကျောင်းဆောင်မှာပဲ နေထိုင်ကာ ဆေးပညာကို လေ့လာသင်ယူတယ်။
အထူးကုတန်း ပထမနှစ် အောင်ပြီးပြီ။ သုတေသန စာတမ်းလည်း တင်ပြီးလို့ သက်ဆိုင် ရာက လက်ခံပြီးပြီ။ မကြာမီ နောက် ၂ လ အကြာမှာ ဖိုင်နယ် စာမေးပွဲကြီး ဖြေပြီးရင် ကလေးအထူးကု ဆရာဝန်မကြီး ဖြစ်တော့မယ်။အဲဒီ အချိန်မှာပဲ သူ့မျက်နှာကို အက်စစ်နဲ့ ပက်တာ ခံလိုက်ရတော့တာပါပဲ။
အဖြစ်အပျက်ကို ကျနော်က ပြန်မေးပါတယ်။ ကျနော်မေးချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ အဖြစ်အပျက် ဖြစ်ပျက်ချိန်မှာ အတူတူရှိနေခဲ့တဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ချိုချိုသန်း ကလည်း အနီးမှာ ရှိနေပါတယ်။“
ကျမနဲ့ လမ်းခြားတဲ့ တောင်ဘက်အခန်းက အိုဂျီ တက်နေတဲ့ အစ်မ တယောက်က မသစ်၊ မသစ် ခင်ဗျားကို ဟိုတယောက်က မေးမေးနေတယ် တဲ့”ဒေါက်တာခင်သစ်နှင်းက မိဘများရှိရာ မုံရွာကို ခဏသွားလို့ ပြန်ရောက်လာချိန်မှာ ဆေးတက္ကသိုလ် တဆောင်တည်းနေဖက် သားဖွားမီးယပ် အထူးကုတက်နေတဲ့ဆရာဝန်မက သတင်းပေးတယ်။
မေးမေးနေတယ် ဆိုသူက မုံရွာဆေးရုံမှာ ဒေါက်တာ ခင်မောင်ရီရဲ့လက်အောက်၊ လက်ထောက် ဆရာဝန် အဖြစ်တာဝန် ထမ်းဖူးတယ်။ အထူးကု ဆရာဝန်သင်တန်းတက်ဖို့ မုံရွာကနေ မန္တလေးကို ပြောင်းရွှေ့လာတယ်။ ဆေးကျောင်း အဆောင်မှာပဲ တဆောင်တည်း အတူတူနေကြတယ်။
သူ့အခန်းက ဒေါက်တာ ခင်သစ်နှင်း တို့လိုပဲ မြေညီထပ်၊ တောင်ဘက်ထိပ်မှာ၊ ဒေါက်တာ ခင်သစ်နှင်းတို့က မြောက်ဘက်ထိပ်နားမှာ။မုံရွာက ပြန်လာပြီး နောက်နေ့နံနက် ဒေါက်တာ ခင်သစ်နှင်းနဲ့ ဒေါက်တာ ချိုချိုသန်းတို့ သူငယ်ချင်း နှစ်ယောက် ခေါက်ခုံလေးခင်း၊ ထမင်းချိုင့်ဖွင့်ပြီး စားနေတုန်း အက်စစ်နဲ့ ပက်မယ့်သူက “ခင်သစ်နှင်း တို့အခန်း ခဏလိုက် ခဲ့ဦး” လို့ လာခေါ်တယ်။
ဒေါက်တာ ခင်သစ်နှင်းကလည်း ထမင်းအတူစားဖို့ ပြင်ဆင်နေတဲ့ သူငယ်ချင်းကို ထမင်းစားနှင့် ဆိုပြီး လိုက်သွားတယ်။“သူ့အခန်းမှာ စာကြည့်စားပွဲကို ကုလားထိုင်က မျက်နှာလှည့်ပြီး ထိုင်တာ မဟုတ်လား။ အဲဒါ ကုလားထိုင်ကို ပြောင်းပြန်လှည့်ထားပြီး နောက်မှီကို နောက်ကျောပေးထားတယ်။
ကျမကို ထိုင်ခိုင်းပြီး ဒီစာဖတ်ကြည့်စမ်းပါတဲ့။ မျက်မှန်က ပါမသွားဘူး။ စာအိတ်ပေါ်မှာ Confidential (အတွင်းရေး လျှို့ဝှက်ကိစ္စ) လို့ ရေးထားတယ်။ ဘာပါလိမ့် ပေါ့။ ကျမကလည်း ဖတ်တာပေါ့။ တကြောင်း နှစ်ကြောင်းပဲ ဖတ်ခါရှိသေးတယ်။ ဖျန်းဆို ပက်ထည့် လိုက်တာ” ဒေါက်တာ ခင်သစ်နှင်းက အဖြစ်အပျက်ကို ပြန်ပြောပြတယ်။
“အိမ်သာအိုး ဆီးအိုးလေ … ကော်အိုး။ ထည့်ထားတာ အရောင်က မည်းမည်းညိုညိုတွေ ကျမ ဖျတ်ခနဲ တွေ့လိုက် တယ်။ အဲဒါနဲ့ ပက်ချလိုက်တာ။ ကျမ မမြင်တော့ သလောက်ပါပဲ။ ကျမက အစမှာ ရေနွေးဓာတ် ဘူးကကွဲပြီး စဉ်လိုက်တာမျိုးလို့ ထင်လိုက်သေးတာ။ တခုခုအန္တရာယ်ဖြစ်ပြီ ဆိုတာ သိတာနဲ့ အဲဒီကနေ လာလမ်းအတိုင်း ကျမ အခန်းဆီ ပြန်ပြေးတာ။ အော်ပြီး ပြေးလာတာတဲ့။ အော်မိမှန်းတောင် မသိပါဘူး။ ကျမအသံ ဘယ်လောက်ကျယ် သလဲ မသိဘူး။
ယောက်ျားလေးဆောင် ကတောင် ကြားသတဲ့”ထူးခြားတဲ့ ဖြစ်ရပ်တခု ဖြစ်ပြီလို့ သိတာနဲ့ ဒေါက်တာ ချိုချိုသန်းနဲ့ အဆောင်အတူနေ ဆရာဝန်မတွေက ဝိုင်းအုံလာ ကြတယ်။အဲဒီတုန်းက အဖြစ်အပျက်ကို ကိုယ်တွေ့ တွေ့မြင်ရတဲ့ ဒေါက်တာချိုချိုသန်းက အခုလို ပြန်ပြောပြတယ်။“ဘာဖြစ်တာလဲ … ဘာဖြစ်တာလဲ လို့ သူ့ကို မေးတော့ သူ့မျက်လုံးတွေက ဖွေးလို့။ သူ့ကို ကိုင်လိုက်တော့ ဗြစ်ဗြစ် ဗြစ်ဗြစ်ဆိုပြီး အင်္ကျီတွေလည်း အကုန်ကြွေကျကုန်တယ်။
တယောက်က အစ်မ အက်စစ်ထင်တယ် လို့ ပြောတယ်။ အဲဒါဆို ရေနဲ့ပက် ရေနဲ့ပက် ဆိုပြီး မျက်နှာကို ရေနဲ့ပက်ကြတယ်။ ကျမက အင်္ကျီတွေ လဲပေးတယ်”အဆောင်မှူး ဆရာမကြီးကို သတင်းပို့ပြီး ချက်ချင်းပဲ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးသိန်းထွန်းအိမ်ကို သူတို့ ခေါ်သွားကြတယ်။ ဆရာကြီးကလည်း မျက်စိကို သန့်ရှင်းရေး လုပ်ပေးတယ်၊ မျက်စဉ်းတွေ ခတ်ပေးတယ်။ ပြီးတော့ မျက်စိဆေးရုံကြီးကို ချက်ချင်း ပို့ကြတယ်။
မျက်စိဆေးရုံကို ရောက်တော့ ဆရာဇော်ဂျီရဲ့ သမီး မျက်စိ ဆရာဝန်မကြီး ဒေါက်တာ ဒေါ်ခင်အုန်းဟန်က ကုသမှုတွေကို ချက်ချင်းပဲ ဆောင်ရွက်ပေးတယ်။ဒေါက်တာ ခင်သစ်နှင်းရဲ့ အမေက သူမြင်တွေ့ခဲ့ရပုံကို “မျက်နှာကြီးက ရောင်ကိုင်းဖောင်းပြီး မည်းသွားတာ နဖူးအောက်ကနေ မျက်နှာ တခုလုံး ရင်ဘတ်တွေရော လောင်သွားတာ” လို့ ပြန်ပြောပြတယ်။
ဒီလို အဖြစ်ဆိုးကြီးကို ကြုံတွေ့လိုက်ရတော့ စိတ်မှာ ဘယ်လိုခံစားလိုက်ရသလဲ လို့ ကျနော်က ဒေါက်တာ ခင်သစ်နှင်း ကို မေးတယ်။ သူ ချက်ချင်း မဖြေနိုင်ဘူး။ ငိုတယ်။ ကြာခဲ့ပြီ ဖြစ်တဲ့ အတိတ် အိပ်မက်ဆိုးကြီးက ယခုအထိ ကြေကွဲစရာ ဖြစ်ဆဲ။ကျနော်က ကိုယ့်မေးခွန်း အတွက် ခွင့်လွှတ်ဖို့ တောင်းပန်တယ်။ ဒါကို မမေးလို့လည်း မဖြစ်ဘူး။
“ရတယ်ဆရာ” လို့ သူ ငိုသံစွက်ပြီးပြောတယ်။“အဓိကကတော့ ဖေဖေပဲ လို့ ပြောရမယ်”သူ ဆက်မပြောနိုင်ဘဲ တရှုပ်ရှုပ် ငိုနေသေး တယ်။“အဓိကကတော့ ဖေဖေပဲဆရာ။ သူက သိပ် မျှော်လင့်ထားတယ် လေ။ (ငိုရင်း) ရုတ်တရက် ဖေဖေ့ပဲ သနားတာ။ ဖေဖေ့ကို ဖုန်းနဲ့လှမ်းပြောတယ်။ ဖေဖေ သမီး ဘာမှ မဖြစ်ဘူး”ဒေါက်တာ ခင်မောင်ရီလည်း မိဘများ ထုံးစံအတိုင်း သားညွန့် သမီးညွန့်တွေကို မျှော်လင့်ချက် ကြီးကြီး ထားခဲ့ပေမှာပဲ။
“ဖြစ်ပြီ ဆိုတော့ စသတိရလိုက်တာ ဖေဖေပဲ။ ဖေဖေက သိပ်ပြီးမျှော်လင့်ချက်တွေ ထားခဲ့တာ။ ဖေဖေတော့ သွားပြီ ပေါ့။ ကိုယ်ဖြစ်တဲ့ အပေါ်မှာ စိတ်ညစ်ပါတယ်။ ဒါပေမယ့် ဖေဖေတို့ကို မပြောနဲ့နော် မပြောနဲ့နော်လို့ သူငယ်ချင်းကို တားတယ်။ မပြောလို့လည်း မဖြစ်ဘူးလေ”ဒေါက်တာ ခင်သစ်နှင်း ပြောရင်း ပြန်လည် တည်ငြိမ်လာပါတယ်။ သူ့အကြောင်းကို ဆက်ပြောတယ်။
မျက်စိနဲ့ မျက်နှာပျက်ယွင်းသွားပေမယ့် သူလမ်းလျှောက်နိုင်တယ်။ ခွဲစိတ်ခန်းက ထွက်ထွက်ချင်းပဲ ဆေးရုံအိတ်ချိန်းကိုသွားပြီး မုံရွာက သူ့ဖခင်ဆီကို ဖုန်းဆက်တယ်။ သူ့ဖခင်က ကဗျာဆရာ ခွဲစိတ်အထူးကု ဆရာဝန်ကြီး။ ခံစားလွယ်တယ်။ မျှော်လင့်ချက် ထားခဲ့ရတဲ့ သမီးညွန့်က အညွန့်ချိုးခံ လိုက်ရပြီ။သမီးရဲ့ အဖြစ်ကို ကြားတာနဲ့ တငိုငို တရယ်ရယ် ဖြစ်နေတယ်။
သမီးအကြောင်း ကြားရတော့လည်း လိုက်မလာနိုင် ဘူး၊ မိခင်သာ လိုက်လာပါတယ်။ အဖြစ်အပျက် ဖြစ်ပျက်တဲ့ အချိန် ၁၉၉၆ ခုနှစ်က အခုလို တယ်လီဖုန်း အဆက်အသွယ်က မလွယ်ကူဘူး။ဒေါက်တာခင်သစ်နှင်းက ဘဝအတွက် ရည်မှန်း ချက်တွေ ကြီးတယ်။ စီမံကိန်းတွေ ချထားပြီးသား။ ကလေးအထူးကု ဖြစ်ဖို့ နောက်ဆုံး စာမေးပွဲကြီးက နီးလှပြီ။ ၂ လသာ လိုတော့တယ်။ စာတွေကလည်း အဆင်သင့်လုပ်ပြီးသား။မျက်စိအထူးကု ဆရာဝန်ကြီးကို သူ့အခြေ အနေမေးတော့ ပြန်ကောင်းနိုင်ပါတယ် လို့ အားပေးတယ်။
စာမေးပွဲက ၂ လပဲ လိုတော့တယ်။ ဒေါက်တာ ခင်သစ်နှင်းက ဒီစာမေးပွဲ မမီရင်တောင်မှ နောက်ထပ် ၆ လနေရင် ထပ်လုပ်မယ့် နောက်ဆက်တွဲ စာမေးပွဲတော့ ဖြေခွင့်ရမှာပဲ လို့ အားတင်းထားတယ်။ ဒီလိုနဲ့ စာမေးပွဲတွေက တခုပြီးတခု ကျင်းပသွားတယ်။ သူ့အခြေအနေ ကတော့ ထူးမလာသေးဘူး။
မျက်စိအတွက် မန္တလေး၊ ရန်ကုန် မျက်စိအထူး ကုဆေးရုံကြီးတွေနဲ့ နိုင်ငံခြားကလာတဲ့ မျက်စိအထူးကု Orbit လေယာဉ်ပျံကြီး၊ အက်စစ်စား ခံထားရတဲ့ မျက်နှာနဲ့ ကိုယ်ခန္ဓာ အရေပြားတွေအတွက် ပလတ်စတစ်ဆာဂျရီ လုပ်ဖို့ ရန်ကုန် ကန်သာယာနဲ့ မန္တလေး ဆေးရုံကြီး၊ မန္တလေး ကန်တော်နဒီ ဆေးရုံတွေကို တက်လိုက် ဆင်းလိုက်။“တရက်မှာတော့ ကျမ မျက်လုံးအစုံရဲ့ မျက်ကြည်လွှာက ကုရင်းကုရင်းနဲ့ ပါးပြီး ပေါက်လုနီးပါး ဖြစ်လာသတဲ့။ ကျမကိုတော့ မသိစေရဘူး။ ကျမကို အညင်သာဆုံးနဲ့ လှုပ်ရှားမှု နည်းနိုင်သမျှနည်းအောင် ထိန်းပြီး မန္တလေးကနေ ရန်ကုန်ကို ခေါ်သွားကြတယ်”
“ကျမ ကြောက်မှာ စိုးလို့ မပြောကြဘူး။ ကျမ မျက်လုံးအိမ်ထဲက အရည်တွေကလည်း စိမ့်ချင်ချင်တဲ့။ လေယာဉ်ကွင်း ကို လိုက်ပို့တော့ ကားထိုင်ခုံကို ပက်လက် လှန်ပေးထားတယ်။ မျက်လုံးထဲ ကျမ စိတ်အာရုံ မရောက်အောင်လည်း လေးဖြူရဲ့ သီချင်း တပုဒ်ကို ဖွင့်ပေးထားတယ်။ “ရူးချင်ယောင် ဆောင်မနေနဲ့” တဲ့။ ကျမ မှတ်မိနေတယ်”ဒီလို အခြေအနေမျိုးကို ဒေါက်တာ ခင်သစ်နှင်း ဘယ်လိုရင်ဆိုင်သလဲ။“စဖြစ်တော့ ပရိတ်တော်တွေ ပဋ္ဌာန်းတရားတော်တွေ နာဖို့ စီစဉ်ပေးကြတယ်။
ဒါပေမယ့် အကြောင်းအကျိုး တွေလည်း ဘယ်ဆင်ခြင်နိုင်ပါ့ မလဲ။ ပူထူနေတာ။ ဒေါက်တာ ဦးစိုးတင့်က ဆရာတော် ဦးဇောတိကရဲ့ တရားခွေတွေ ကက်ဆက်ခွေ တဘူး လာပေးတယ်။ “အရှုပ်ထဲမှာ ရှင်းအောင်နေ” ကို စနာတယ်။ နာလည်းပြီးရော ကျမရင်တွေ ပေါ့ပါးလာတယ်။ ပြီးတော့ “အပျော်ဆုံးလူ”၊ “မေတ္တာ တရား”။ နာရင်း နာရင်းနဲ့ နေတတ်ထိုင်တတ် ဖြစ်လာတာ။ တရားတွေ နာတော့ စိတ်က ဗလောင် ဆူရာကနေ အေးချမ်းလာတယ်။
အေးချမ်းလာတော့ စဉ်းစား ဆင်ခြင်နိုင်လာ တယ်”သူ့စိတ်ခံစားမှု အပြောင်းအလဲကို ကျနော် စိတ်ဝင်စားလို့ သေသေချာချာ နားစွင့်နေပါတယ်။“သေချင်လောက်အောင် စိတ်ညစ်ပေမယ့် ကိုယ်က သေလည်း မသေရဲဘူးလေ။ အင်း … ဒါဆိုရင်တော့။ မျက်စိသာ ဖြစ်ထားတာ၊ အသက် မသေရင် လုပ်နိုင်တာတွေ အများကြီးရှိသေးတယ်။ ဘယ်သူမဆို ဘယ်နေရာမှာ မဆို အသုံးဝင်အောင် နေတတ်ရင် နေလို့ရတာပဲ။ မိသားစုမှာလည်း ကိုယ်လုပ်ပေးနိုင်တာတွေ ရှိတယ်။
ပတ်ဝန်းကျင်ကို လည်း စောင့်ရှောက်လို့ ရနိုင်တာတွေ ရှိတယ်။ ဆရာဝန် ဖြစ်နေမှ မဟုတ်ဘူး။ အသုံးကျတဲ့ လူတယောက် ဖြစ်အောင် လုပ်မယ် ပေါ့”ဒေါက်တာ ခင်သစ်နှင်းက အမှိုက်သိမ်းပေးတဲ့ သူတွေသာ မရှိရင် အိမ်တိုင်းမှာ ညစ်ပတ်နံစော်နေမှာ ဖြစ်လို့ သူတို့ဟာလည်း လူသားတွေရဲ့ ကျေးဇူးရှင် ဖြစ်တယ် ဆိုတဲ့ သူရေးဖူးတဲ့ “ကျေးဇူးရှင်မလေးများ”အကြောင်းကို ပြန်ပြောပြတယ်။“လူတိုင်း လူတိုင်းဟာ အသုံးဝင်နေတာပဲ။ အသုံးတည့်မယ့် ထောင့်ကလေး၊ အကွက်လေးတော့ ရှိနေတာပဲ။
အဲဒီ နေရာကို ကိုယ်က ရှာဖွေနိုင်ဖို့တော့ လိုတာပေါ့။ လိုအပ်နေတာတွေ ရှိနေတာပဲ။ ဆိုက်ကားဆရာ ရှိမှလည်း ကျမတို့ လိုရာကို သွားလို့ ရတာပဲ”အသုံးဝင်တဲ့ လူသားတယောက် အဖြစ် သူ့ ကိုယ်သူ ပြန်လည်ထူမတ် ရပုံကို ဒေါက်တာ ခင်သစ်နှင်းက ပြန်ပြောပြ တယ်။
“ဆေးခန်း ပြန်ထိုင်မယ် လို့ ဒီသူငယ်ချင်း (ဒေါက်တာ ချိုချိုသန်း) နဲ့ ၂၀ဝ၀ ဧပြီမှာ မန္တလေး ၃၇လမ်း၊ ၈၀-၈၁ ကြားမှာ ဆေးခန်း ပြန်ဖွင့်တယ်။ သူငယ်ချင်း ၄ ယောက်စုပြီး “အောင်တံခွန်” ဆေးခန်း လို့ အမည်ပေးတယ်။ ရွေးရင်းရွေးရင်း ဒီနာမည် ဖြစ်သွားတာ”အောင်တံခွန် ဆိုတဲ့အမည်နဲ့ ပတ်သက်ပြီး ပြောရင်း ဒေါက်တာခင်သစ်နှင်းက ရယ်ပါတယ်။
ဆရာဝန် အမျိုး သမီးငယ် ၂ ဦး၊ တဦးက တဦးကို ရက်ရက်စက်စက် မျက်နှာကို အက်စစ်နဲ့ ပက်တယ် ဆိုတော့ ဘာအကြောင်းရှိလို့လဲ လို့ လူတွေက သို့လောသို့လော ထင်ကြေးပေးကြတယ်။ရည်းစားကိစ္စလား တွေးသူက တွေးတယ်။ ကျနော်ကလည်း မေးပါတယ်။ ရယ်မောရင်း မဟုတ်ပါဘူး။ ကျမဘက်က တော့ မဟုတ်ပါဘူး။ သူ့ဘက်ကတော့ မသိဘူး လို့ ပြောရင်း ဒေါက်တာ ခင်သစ်နှင်းက ရယ်နေပါတယ်။
အက်စစ်နဲ့ပက်သူ ဆရာဝန်မက မုံရွာဆေးရုံမှာ ဒေါက်တာ ခင်မောင်ရီရဲ့ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ဖူးတယ်။ ဆရာကြီးက သူ့လက်အောက်က ဝန်ထမ်းတွေကို သားသမီးရင်းချာလို သဘောထား တယ်။“ဆရာကြီး ကတော့ ဘယ်သူ့ကို ဖြစ်ဖြစ် သမီးလို့ပဲ ခေါ်တာ။ သူ့စိတ်ထဲမှာ သူ့ကိုယ်သူ သမီးလို့ မှတ်သွားပုံ ရတယ်” လို့ ဆရာကြီးကတော်က ပြောတယ်။
အထူးကုဆရာဝန် ဖြစ်ဖို့ ဆေးတက္ကသိုလ်ကို ပြန်တက်ကြတော့ ဆရာကြီးရဲ့ တကယ့်သမီးအရင်း၊ သမီးအစစ်ကို တွေ့ရတဲ့အခါ သူ့စိတ်မှာ မနာလိုစိတ် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး ရန်ပြုတာလို့ မုံရွာ မြို့ခံတွေက ထင်ကြေး ပေးကြတယ်။
အမှုအခင်းတွေ ဖြစ်လာပြီ ဆိုတော့ ဒေါက်တာ ခင်သစ်နှင်း ဘယ်လို ရင်ဆိုင်ပါသလဲ။“သက်ဆိုင်ရာက ကျမရုံးကို မလာနိုင်ရင် အိမ်တိုင်ရာရောက် ခုံရုံးဖွဲ့ပေးမယ်၊ ထွက်ဆိုချက် ပေးပါတဲ့။ ဖေဖေက သမီး မထွက်နဲ့၊ အစစ်မခံနဲ့၊ ခုံရုံးဖွဲ့ မခံနဲ့ တဲ့။ ငါ့သမီး ဝဋ်ကြွေးကြောင့် ဖြစ်ရတာ ဆိုရင်လည်း ထားလိုက်တော့။ သမီးရဲ့ နှုတ်ထွက်ကြောင့် သူ့အပြစ် ပိုကြီးသွားမယ်၊ ငါ့သမီး သံသရာ ရှည်မယ် တဲ့။ အကုန်လုံး ရပ်လိုက်တော့ တယ်” လို့ ဒေါက်တာ ခင်သစ်နှင်းက ပြန်ပြောပြတယ်။သူ ဘာကြောင့် ခံနိုင်ရည်ရှိနေတာလဲ။
“ကျမ ပြန်စဉ်းစားတယ်။ ငါ ဘာမှားလို့ သူက ငါ့ကို ဒါလောက်အထိ လုပ်တာလဲ။ ငါ ဘာမှားသွား တုန်း၊ ဘာမှားသွား တုန်း၊ တချက်ချင်း စဉ်းစားတယ်။ ဘာမှ သူနဲ့ စကားကတောက်ကဆ ဘာမှ မဖြစ်ဖူးဘူး။ ခင်ခင်မင်မင် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးလည်း မရှိခဲ့ဘူး။ ကျမ မှားတာသာ ရှိခဲ့ရင် ကျမ ဘယ်လိုမှ နာလန်ပြန်ထူဖို့ မလွယ်ဘူးနော်။ နောင်တနဲ့ ပူပန် နေရမှာ။ ဒီလိုမှန်း သိရင် ငါ ဘာမှ မလုပ်ခဲ့ပါဘူးလို့ ဖြစ်နေမှာ။ ဘာတခုမှ အမှားမလုပ်ခဲ့တဲ့ အတွက် ကိုယ့်ကိုယ်ကို နေရတာ ပေါ့သွားတယ်။
အပြစ်ရှိတယ် လို့ မထင်တော့ဘူး”သူ့မိဘ၊ သူငယ်ချင်းနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း ဒေါက်တာခင်သစ်နှင်းကို စိတ်ဓာတ်ခွန်အားနဲ့ ဖေးမ ပေးတယ်။ ဖခင် ကဗျာဆရာ မောင်စန်းသော်က သမီးအတွက် ကဗျာတွေ စာတွေ ရေးပေးတယ်။ဒေါက်တာခင်သစ်နှင်း ကိုယ်တိုင်လည်း စာတွေ ရေးတယ်။ မျက်စိမမြင်ဘဲ မှန်းသမ်းရေးရတာမို့ သူရေးထားတဲ့ စာလုံးတွေက ကြီးတာကြီး၊ သေးတာ သေး၊ မျဉ်းကြောင်း အပေါ်တက်တာတက် အောက် ဆင်းတာ ဆင်း၊ မညီမညာပါ။ ဒါပေမယ့် သူကြိုးစား ရေးတယ်။
သူစာရေးရာမှာကြုံရတဲ့ အခက်အခဲကိုလည်း ပြောပြသေးတယ်။“ကိုယ့်လက်နဲ့ ကိုယ်ရေးတော့ တမျက်နှာ နှစ်မျက်နှာရေးပြီးတဲ့အထိ မင်ကုန်နေတာ မသိဘူး။ သွားရော။ ရေးပြီးသား မျက်နှာပေါ် ထပ်ကာ ထပ်ကာ ရေးမိပြန်တော့ သွားရော။ တခါတလေ စာမျက်နှာအလွတ်တွေ ကျော်သွားရော”ဒါပေမယ့် သူ ဇွဲမလျှော့ဘူး။ စာတွေရေးတယ်။
လေ့လာဆည်းပူးတယ်။ ရေဒီယိုအမြဲနားထောင်တယ်။ အဘိဓမ္မာ သင်တန်းတွေတက်တယ်။“သိချင်တတ်ချင် နေတယ်။ ဒါက ပြန်မတ်လာစေတယ် ထင်တယ်” လို့ သူကဆိုတယ်။ ကြိုးဝိုင်းမှာ အလဲထိုးချ ခံခဲ့ရပေမယ့်လည်း သူ့ကို ချစ်သူတွေရဲ့ အားပေးမှု၊ သူကိုယ်တိုင်ရဲ့ ဇွဲသတ္တိတွေနဲ့ ဘဝလမ်းကို ဒေါက်တာ ခင်သစ်နှင်း ဆက်လက် လျှောက်လှမ်းနေတာ တွေ့ရပါတယ်။
Credit: ဆရာကျော်ရင်မြင့်