ဗဟုသုတ

ဆိုင်ကလုန်းမုန်တိုင်း ဂူးလက်ပ် အရှိန်ကြောင့် ၂ရက်အတွင်း မြန်မာနိုင်ငံအနှံ့အပြား မိုးကြီးမည်

ထွန်းထွန်းဝင်း

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း ဂူးလက်ပ်(Gulab) ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် နှစ်ရက်အတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ မုန်တိုင်းအရှိန်ကြောင့် နောက် ၄၈ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင်၃၈၀ မိုင်ခန့်၊ ဂွမြို့၏အနောက်-အနောက်မြောက်ဘက် ရေမိုင်၄၆၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက် မြောက်ဘက် ရေမိုင် ၄၇၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၂၀ မိုင်ခန့် နှင့် ဂိုလ်ပါပူမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၁၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ကြောင်း မိုးဇလ ကဆိုသည်။

ပုံစာ- စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀နာရီ အချိန်က ဖြစ်ပေါ်နေသည့် မိုးလေဝသအခြေအနေ

Mizzima