ဗဟုသုတ

ရေခဲမုန့်လုပ်နည်း (Very Easy)

ရေခဲမုန့်လုပ်နည်း (Very Easy)

လုပ်ရောင်းချင်လည်းလုပ်ရောင်းလို့ရအောင် ကိုယ်တိုင်လုပ်စားချင်လည်းလုပ်စားလို့ရအောင် မျှဝေပေးလိုက်ပါသည်။

-ရေခဲမုန့်ကို နွားနို့နဲ့လည်းလုပ်လို့ရသလို နို့မှုန့်နဲ့လည်း လုပ်လို့ရပါတယ်။

နွားနို့ဆိုရင် နို့စစ်စစ်နဲ့ပိုကောင်းပါတယ်။

-နွားနို့စစ်စစ် ၁ ပိသာကို ဆူပွက်အောင်ကြို ပါ။ နို့မှုန့်ဆိုရင် ဂရမ် ၂၀၀ကို ရေတစ်လီတာဘူးရှိတဲ့ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ဖျော်ပါ။

-ကျောက်ကျောမှုန့် စတီးဇွန်း ၁ဇွန်း ၊ ပြောင်းဖူးမှုန့် စတီးဇွန်း ၂ ဇွန်းလောက်ကိုရေနည်းနည်းထည့်ပြီး အရည်ပျစ်ပျစ်ဖျော်ပါ။

-ပြီးရင် ဆူပွက်နေတဲ့ နို့အိုးထဲကိုလောင်းထည့်ပါ။ သကြားစတီးဇွန်း ၅ဇွန်းနဲ့ဆားနည်းနည်းထည့်ပါ။မပြတ်မွှေပေးပြီး ပျစ်လာအောင်ကျိုပါ။

-ပျစ်ပျစ်လေးဖြစ်လာရင် မီးဖိုပေါ်ကချပြီးအအေးခံပါ။

အေးတဲ့အခါ ရေခဲသေတ္တာ အပေါ်ကန့်မှာ၄နာရီလောက်ထည့်ပြီးအအေးခံပါ ။

-ပြီးရင် ရေခဲသေတ္တာထဲကထုတ်ပြီး သစ်သီးမွှေစက် (Blender)ထဲထည့်ပြီး တစ်မိနစ်လောက်မွှေပါ။

-တကယ်လို့ ချောကလက်ရေခဲမုန့်လိုချင်ရင် ချောကလက်မှုန့် စတီးဇွန်း ၁၀ဇွန်းထည့်မွှေပါ။

-ဒူးရင်းသီးရေခဲမုန့်လိုချင်ရင်ဒူးရင်းသီးအသားထည့်မွှေပါ။

အချိုးအဆမပေးပါဘူး။

နည်းနည်းထည့်ရင်နည်းနည်းမွှေးမယ်။

များများထည့်ရင် များများမွှေးမယ်။

နှစ်သက်သလောက်ထည့်နိုင်ပါတယ်။

ရေခဲမုန့်အနေအထားကြည့်ပြီး ချင့်ချိန်ထည့်ပါ။

-သီးစုံရေခဲမုန့်လိုရင်တော့ ကျောက်ဖရုံယို ၊ စပျစ်သီးခြောက် ၊သီဟိုဠ်စေ့ တို့ကိုမွှေပြီးမှ ထည့်ပါ။ သမအောင် ဇွန်းနဲ့မွှေပါ။

Blender ထဲထည့်မွှေရင် ကြေကုန်ပါမယ်။

-ကိုယ်လိုချင်တဲ့ရေခဲမုန့်ကို ဉာဏ်ရှိရင် ရှိသလို ဆန်းသစ်တီထွင်နိုင်ပါတယ်။

-မွှေပြီးရင် ရေခဲသေတ္တာအပေါ်ခန်း (ရေခဲခန်း)ထဲပြန်ထည့်ပါ။

၈ နာရီပြည့်ရင် ရေခဲမုန့်ကောင်းကောင်းခဲပါပြီ။

Credit