သားတစ်ယောက်ကိုဆုံးရှုံးခဲ့ရတဲ့ မိခင်တစ်ယောက်အနေနဲ့ ကြေကွဲမှတ်တမ်းလေးတင်ပါရစေနော်
သားအကြီးဆုံးမို့ သားအငယ်နဲ့သမီးလေးထက် အရင် အစစအရာရာ ဦးစားပေးချစ်ခဲ့ရတဲ့သား
အမေဓမ္မစကူးလ်ဆရာမဆို သားကဓမ္မစကူးလ်ဆရာအမေကင်းထောက်ဆို သားကကင်းထောက်ဆရာအမေဆရာမဆို သားက guideအမေစျေးရောင်းရင် သားက model
အမေ့အဝန်းအဝိုင်းလေးကို အားဖြည့်ဂုဏ်တက်စေသူ ဘယ်အဖွဲ့အစည်းမှာဘဲရောက်ရောက် လိုက်လျောညီထွေ ချစ်ခင်အောင်နေတတ်ပြီး အများအတွက် ကူညီဆောင်ရွက်ပေးသူ
ဝါဆိုလပြည့်နေ့ရဲ့လမင်းကြီးနဲ့အတူ အမေ့ဘဝထဲဝင်လာပြီး တော်သလင်းလပြည့်နေ့ရဲ့ လမင်းကြီးနဲ့အတူ အမေ့ကိုချန်ထားပြီး နုတ်မဆက်ဘဲထွက်သွားသူ
သူနဲ့ဆက်စပ်ရာပတ်ဝန်းကျင်ကလူတွေကို လမင်းကြီးပမာ အေးမြမှုတွေ ပေးစွမ်းခဲ့သူ
အသက်(၂၂) နှစ်တောင်မပြည့်သေးတဲ့ အမေ့သားကအာဇာနည်သူရဲကောင်း…တဲ့လား
ကြွေကျတာတောင် လင်းလက်နေတဲ့ကြယ်ပွင့်..တဲ့လား
တောထဲတောင်ထဲ ဘယ်သူမှမသိတဲ့နေရာမှာ Db တောင်မရဘဲ သေဆုံးခဲ့တာတောင် ပြည်တွင်း၊ပြည်ပ မီဒီယာတွေကနေဖော်ပြပေးတဲ့အထိသားရဲ့ကျဆုံးမှုကို အသိအမှတ်ပြုခံစေရတဲ့သား
”စိုင်းဘုန်းမင်းသန့်မေမေလား…ကိုစိုင်း ရှေ့တန်းမှာလက်နက်ကြီးထိပြီး ကျဆုံးပါတယ်..” လို့ ဝင်လာတဲ့ဖုန်းထဲက စကားသံ ခုထိ နားထဲက မထွက်ပါဘူး
ရုတ်တရက် အသက်ရူတာရပ်သွားသလို”မဟုတ်ဘူး၊မယုံဘူး၊မဖြစ်နိုင်ဘူး”လို့ ပါးစပ်က ငြင်းဆန်နေရပေမယ့် မတ်တတ်ရပ်နိုင်စွမ်းတောင်မရှိအောင် ပြိုလဲခဲ့ရတာပါ
ဖြစ်စဥ်ကို ကိုယ်ကိုတိုင် သိချင်လို့ ခန ခန ဖုန်းဆက်မေးနေပေမယ့် ဒီအဖြေကို ကိုယ်တိုင်ပြန်နားထောင်ဖို့ကို သတ္တိမရှိအောင်ကြောက်နေခဲ့တယ်
”သားလေးကို ထားခဲ့ရတယ်…”လို့ ပြောကြပေမယ့်ကူညီမယ့်သူတော်ကောင်းနဲ့တွေ့ပြီး ကယ်တင်စောင့်ရှောက်ပေးထားပါစေ…တနေရာရာမှာအသက်ရှင်နေပါဆိုတဲ့…ဆုတောင်းတွေမပြည့်ခဲ့ပါဘူး
သူ့လူတွေ….လို့ သူအမြဲပြောနေတဲ့ သူတွေအတွက်နေဖို့နေရာဆို Air con , Wifi ,Water cooler အပြည့်အစုံ သွားမလား ကားအဆင်သင့်၊စားချင်တာပြောဦးမလား ဒီအမေချက်တာတစ်မျိုး၊
ဆိုင်ကဝယ်ကျွေးတာ မျိုးစုံ မထပ်စေရဘူး ဒဏ်ရာရနေလား ဆေးကုပေးမယ်၊နေကောင်းတဲ့အထိပြုစုပေးပြီး အိမ်တိုင်ရာရောက်ကားနဲ့လိုက်ပို့ပေးမယ်
သူများကို ကူညီပြီဆို တအားကိုလုပ်ပေးတတ်လို့ အမေကပြောတိုင်း..…”မေရယ် ဒါရဲဘော်ရဲဘက်တွေလေလုပ်ပေးရမှာပေါ့.. ” တဲ့ တခြားသောကူညီပေးမှုတွေ ချရေးလို့ မကုန်ပါဘူး
ဒီလောက်ကူညီတတ်တဲ့ ငါ့သားလေးကူညီကယ်တင်မယ့်သူ မပြောနဲ့ ခုထိ db တောင်ယူလို့မရသေးဘူး…တဲ့လား
လပြည့်ညရဲ့ လမင်းကြီးအောက်မှာ တစ်ယောက်တည်းကျန်ခဲ့တယ်…တဲ့လား ကံကြမ္မာရယ် ရက်စက်လွန်းခဲ့တယ်
”သားပြန်လာမယ်နော်.. လို့”အမေ့ကိုကန်တော့ရင်း သားကိုယ်တိုင်ကတိပေးခဲ့တာ..မကြာသေးပါဘူးနော်
အမေငိုတော့ အမေ့ကိုပွေ့ဖက်နှစ်သိမ့်ပေးပြီး ကျောကိုသပ်လို့ အမေ့ပါးကိုနမ်းခဲ့တာခုတော့ နောက်ဆုံး အနမ်းတဲ့လား သားရယ်
အမေ့အလှည့်ကျမှ သားကိုနောက်ဆုံးနုတ်ဆက်နမ်းဖို့ Db တောင်မရဘူး…တဲ့လား ပညာရေးတပိုင်းတစနဲ့ သားအိပ်မက်တွေ အကောင်အထည်မဖော်နိုင်သေးခင်ထွက်သွားရတာအမေ တကယ်စိတ်မကောင်းပါဘူး သားရယ်
သားရဲ့ယုံကြည်ချက်အတိုင်းလျှောက်လှမ်းခဲ့မှုအတွက် သားရဲ့ကျဆုံးမှုကို တိုင်းသိပြည်သိ ဂုဏ်ပြုနေကြပါပြီ ..နောက်ဘဝမှာ လူ့အသက်ကိုတန်ဖိုးထားတဲ့တိုင်းပြည်မှာလူပြန်ဖြစ်ပါစေ၊ လူ့ဘဝရပါစေ သားရေ…
အမေ့ထက်ပိုချစ်ပေးမယ့် အမေနဲ့ ဆုံဆည်းနိုင်ပါစေ ..အမေ့ထက်ပြည့်စုံအောင်ထားပေးမယ့် မိဘနဲ့တွေ့ဆုံပါစေ
သားအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပြီး..မကြွေခင်မှာ လင်းလက်တောက်ပတဲ့ ကြယ်ပွင့်အဖြစ် လောကအကျိုးကိုဆောင်နိုင်ပါစေ
ဝမ်းနည်းကြေကွဲရနေရပေမယ့် ဂုဏ်ယူပါတယ်သား…လူသာသေတယ် နာမည်မသေခဲ့ပါဘူး
အမေ့ရင်ထဲမှာတော့ ထာဝရ ရှင်သန်နေမယ့်သားပါ…အမေအမြဲချစ်နေမှာပါ အမေ မမေ့ဘူးနော်သားကို…လွတ်လပ်စွာ ပျံသန်းလိုက်ပါသား
အမေတို့မိသားစုက ဝမ်းနည်းကြေကွဲခြင်း များစွားဖြင့် ဂုဏ်ယူလိုက်ပါတယ်သားရယ်….
Nann MoMo Han(စိုင်းဘုန်းမင်းသန့် ၏ မိခင်)