ဗဟုသုတ

တိုးတိုးလေးအသံမထွက်ပဲ အမျှဝေလို့ပါသလား …………

(မေး) ဆရာတော်ဘုရား တပည့်တော်အခု တရားစာအုပ်တွေဖတ်ပြီး လက်တွေ့လိုက်နာ ကျင့်သုံးနိုင်အောင်ကြိုးစားနေပါတယ်ဘုရား။ အဲဒီမှာအခက်အခဲရှိတာတစ်ခုက အမျှဝေခြင်းပါပဲဘုရား။ လမ်းသွားရင်းအမျှဝေချင်တယ်။ ကိုယ်ပြုခဲ့တဲ့ကုသိုလ်တွေကို အဲပတ်၀န်းကျင်မှာရှိတဲ့ လမ်းစောင့်နတ်၊ မြို့စောင့်နတ်အစရှိသဖြင့် အမျှဝေချင်လို့ပါဘုရား။

ခက်တာက အမျှကိုအကျယ်ကြီးလူကြားအောင် အော်ရွတ်လို့ကလည်းမရ။ လူကြားသူကြားထဲမှာ အထူးအဆန်းကြီးလိုဖြစ်နေပြီး ရှက်လည်းရှက်လို့ပါဘုရား။ လေသံတိုးတိုးလေးနဲ့ အမျှအမျှလို့ရွတ်ရင်ကော သူတို့ကြားပါမလားဘုရား။ သူတို့ကိုယ့်ကုသိုလ်ကို သာဓုခေါ်နိုင်ပါလားဘုရား။ ဖြစ်နိုင်ရင် စိတ်ထဲကနေပဲရည်စူးပြီး စိတ်ထဲကနေ ရွတ်ရင်ရပါသလားဘုရား။ ဒါမှမဟုတ် အသံမထွက်ပဲ နှုတ်ခမ်းလှုပ်ရုံ လေသံလောက်လေးနဲ့ ပေးလို့ရပါသလားဘုရား။

(ဖြေ) အမျှဝေခြင်းနဲ့ပတ်သတ်ပြီး ဦးဇင်းတို့ဗုဒ္ဓဘာသာ၀င်တွေ သေချာကျနစွာ မသိတာကများပါတယ်။ဒါဟာလည်း သေချာပြောပြတဲ့လူမရှိသလို၊ ပြောပြတဲ့လူရှိတော့လည်း သေချာမှတ်သားထားမှု အားနည်းနေလို့ပါ။

အဲဒီတော့ ဦးဇင်းသိသမျှကို အကုန်ပြောပြပေးပါမယ်။ နောက်သူများမေးရင် ပြောပြတတ်အောင် သေချာမှတ်ထားကြပေါ့လေ။ ဒါနကောင်းမှုပြုတဲ့အခါ အလှူ၀တ္ထုဟာ အလှူရှင်လက်ကနေ အလှူခံံပုဂ္ဂိုလ်လက်သို့ရောက်ရင် အလှူအထမြောက်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်ကိုဆုတောင်းပြီး ဒါနပြုမှသာ မိမိဒါနဟာ ပါရမီဒါနဖြစ်နိုင်သဖြင့် အနည်းဆုံး “ဣဒံမေပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု” လို့ ဆုတောင်းပြီး အမျှဝေမှသာ ပတ္တိဒါနဖြစ်ပါတယ်။

ဒါကြောင့် အနည်းဆုံး “ဣဒံမေ ပုညဘာဂံံ သဗ္ဗသတ္တာနံ ဒေမ” လို့ဆိုပြီး အမျှဝေကာ ဒါနအလှူကို အဆုံးသတ်ကြစမြဲဖြစ်ပါတယ်။ ဆုတောင်းခြင်း၊ အမျှ‌ဝေခြင်းတို့မှာ ကိုယ်တိုင်ပြုလုပ်ရမှာမို့ တခြားတယောက်အား ကိုယ်စားပြုလုပ်ခိုင်းလို့ မရဘူးဆိုတာလည်း သိထားဖို့လိုပါတယ်။ တချို့က ကိုယ်စားလှူခိုင်းပြီး အမျှဝေလို့မရဘူးလားဆိုပြီး မေးတတ်လို့ပါ။

ဆုတောင်းတဲ့အခါမှာလည်း ဤသို့လှူဒါန်းရသောအကျိုးအားကြောင့် နိဗ္ဗာန်မျက် မှောက်ပြုရပါလို၏လို့ ဆုတောင်းရမှာဖြစ်သလို အမျှဝေတဲ့အခါမှာလည်းဤကောင်းမှု၏ အဖို့ဘာဂကို သတ္တဝါအားလုံး ရရှိကြပါစေဟု စိတ်စေတနာ လေးလေးနက်နက်နဲ့ ပြုလုပ်မှသာဘုရားအလောင်းသူ တော်ကောင်းတို့လိုဖြစ်မှာပါ။

မြတ်စွာဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးဘ၀မှာ ဒါနပြုတိုင်းရေစက်ချ၊ အမျှဝေလေ့ရှိပါတယ်။ အဲဒီလိုရေစက်ချ အမျှဝေပေးမှုကြောင့် မာရ်နတ်စစ်လာတိုက်ရာတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ကိုရရေး (သဗ္ဗညုတဉာဏ်ကိုရရေး) အတွက် ဝေဿန္တရာဘ၀တွင် လှူဒါန်းခဲ့ပြီး ရေစက်ချခဲ့သည်ကို မဟာပထဝီမြေကြီး အသိသက်သေဖြစ်သည်ဟု သက်သေပြုတဲ့အတွက် ပထဝီမြေကြီးက သက်သေခံခဲ့တာပါ။

အလှူရှင်မှာ အခြားအကုသိုလ်အကျိုးပေးလို့ ငရဲသို့ရောက်သွားသည့်တိုင်အောင် ယမမင်းက အမျှပေးဝေဖူးသည်မဟုတ်လောဟု သတိပေးလို့ ကုသိုလ်ကို သတိရကာ ငရဲမှလွတ်နိုင်ပါတယ်။

ဒါပြင် ပုညကိရိယ၀တ္ထု (၁၀) ပါးတွင် အမျှဝေခြင်း (ပတ္တိဒါန) ဟာလည်း ဒါနစတဲ့ ကုသိုလ်တို့လို ကုသိုလ်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ရေစက်ချ၊အမျှဝေခြင်းဟာ ကုသိုလ်တစ်မျိုး တိုးပါတယ်အလှူတစ်ခုလုပ်ရာတွင် ဆုတောင်းခြင်းမပြုဘဲ လှူဒါန်းခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်လို့ နိဗ္ဗာန်ကို ဆုတောင်းမှသာ ဒါနပါရမီဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒါနပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း၊ ရေစက်ချခြင်းတို့ကို မပြုမနေ ပြုလုပ်ကြတာပါ။။

အမျှ‌ဝေခြင်းနဲ့ပတ်သတ်ပြီး သေချာကျနစွာသိမြင်အောင်ပြောရမယ်ဆိုရင် အမျှဝေရေစက်ချတဲ့အခါမှာ ရေစက်ခွက်နဲ့အောက်ခံလေးပါကြတာကို အားလုံးသိမယ်ထင်ပါတယ်။ ရှေးရှေးဆရာတော်ကြီး‌တွေကတော့ ရေစက်ချတဲ့အခါ ရေစက်ခွက်ကို အလုံးပိတ်နဲ့မဟုတ်ဘဲ ရိုးရိုးသာမန်ဖန်ခွက်ကိုသာ အသုံးပြုခိုင်းကြပါတယ်။

ဒါဟာဘာဖြစ်လို့လဲဆိုတော့ ရေစက်ချမဲ့ရေခွက်ထဲက ရေရဲ့သန့်စင်မှုကိုမြင်ပြီး မိမိရဲ့စိတ်ကို ဖြူစင်နေအောင်ထားဖို့နှင့် ငါပြုလုပ်တဲ့ကောင်းမှုဟာ ဟောဒီရေလိုသန့်ရှင်းကြည်လင်လှတဲ့ ကောင်းမှုဖြစ်တဲ့အတွက် ခုကောင်းမှုရဲ့အကျိုးဆက်ကြောင့် မြတ်နိဗ္ဗာန်ကို ရောက်ရပါစေလို့ ဆုတောင်းအာရုံပြုနိုင်အောင်လို့ပါ။

ရေကဲ့သို့ဖြူစင်အောင်ထားပြီး ဆုတောင်းနိုင်အောင်လို့ ရေကိုမြင်ရအောင် ထားခိုင်းခြင်းပါ။ ဒါပြင် ဒီရေဟာမြေကြီးကိုသွန်းချ လိုက်တဲ့အခါ ပြန်ယူလို့မရသလို ငါလှူဒါန်းခဲ့တဲ့ ကောင်းမှုမှန်သမျှကိုလည်း ငါဟာနှမြှောတွန့်တိုပြန်လည်လိုချင်တဲ့စိတ်မရှိဘဲ လွတ်လွတ်စွန့်ကြဲပြီးသား မုတ္တစာဂီဖြစ်နေအောင် အာရုံပြုထားရပါမယ်။

ငါပြုခဲ့ကောင်းမှုကုသိုလ်ကို တကယ်များငါ မေ့လျော့နေသည်ရှိသော် ကမ္ဘာမြေကြီးထဲ ရေများလောင်းချပြီး ရေစက်သွန်းချ သက်သေအရာတည်ထားခဲ့အတွက်ငါအားပြန်လည် အမှတ်ရအောင် ကူညီပေးပါစေလို့ စိတ်ထားတတ်အောင် ရေစက်ခွက်ထဲကရေကို မြေကြီးပေါ်သွန်းခိုင်းခြင်းဖြစ်ပါတယ်။

တကယ်လို့ မိမိကရေစက်ခွက်ထဲက ရေကိုမမြင်ရရင်လည်း ရေစက်ချလို့ ရေလေးကျဆင်းနေတဲ့အချိန်မှာ ခုပြောခဲ့သလိုအာရုံပြုပေးပါ။လနောက်တစ်ခုက ရှေးတုန်းကတော့ ရေကို အောက်ခံမပါဘဲ မြေကြီးပေါ်ကို တိုက်ရိုက်သွန်းချကြတယ်။ ခုတော့ အောက်ခံပါတော့ မြေကြီးပေါ်တိုက်ရိုက် မရောက်ဘဲဖြစ်နေတဲ့အတွက် မိမိစိတ်မှာ နှမြှောတွန့်တိုမှုတွေ မဖြစ်ဘဲ လွတ်လွတ်စွန့်ကြဲများဖြစ်အောင်တော့ အာရုံပြုယူရကြပေါ့။

တချို့ကျတော့လည်း ရေစက်ခွက် မလိုဘဲ အထက်ကပြောခဲ့သလို အာရုံပြုနိုင်မယ်ဆိုရင်တော့ ကိုင်စရာမလိုဘူးပေါ့။ ဒါပေမဲ့ရေစက်ခွက်ကိုင်ရတာဟာကျွန်တော်၊ကျွန်တော်မတို့သည် ကောင်းမှုပြုသူတို့ဖြစ်ပါတယ်။

ကျွန်တော်တို့ပေးဝေတဲ့ကောင်းမှုကို အမျှယူကြပါလို့ အမျှယူမဲ့ပုဂ္ဂိုလ်တွေအားလုံးသိအောင်အလှူရှင်များအားရေစက်ခွက်ကိုင်ခိုင်းတာပါ။ဒါပြင်နောက်တစ်ချက်အဓိကအကျဆုံးအရာက ရေစက်ချ အမျှဝေတယ်ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာပဲရှိပါတယ်။ တခြားဘာသာတွေမှာမရှိပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့မြတ်ဗုဒ္ဓရဲ့ ဝါဒဟာ “အနတ္တ” ငါပိုင်ဆိုတာမထားဘူး ဆိုတဲ့ဝါဒဖြစ်လို့ပါ။ တခြားဘာသာတွေမှာကတော့ “အတ္တ” ငါပိုင်ပဲရှိတဲ့အတွက်အမျှ‌ဝေခြင်းများ မပြုလုပ်ကြပါဘူး။ ဦးဇင်းတို့ ဝါဒက အနတ္တဆိုတော့ ငါကုသိုလ်ရသလို၊ ငါကုသိုလ်ကြောင့် ကောင်းကျိုးခံစားသလို အားလုံးလည်း ငါလိုပဲခံစားကြရပါစေဆိုတဲ့ စေတနာနဲ့ အားလုံးအား တန်းတူပေးတဲ့ ရေစက်ချခြင်းပါ။

ဒါကြောင့် ဘာဖြစ်လို့ရေစက်ချရတာလဲ၊ အမျှဝေရတာလဲဆိုတာ ငါတို့ဝါဒဟာ “အနတ္တဝါဒ” ကိုယ်ပိုင်မထားဘဲ အားလုံးကို တန်းတူရစေချင်တဲ့စေတနာရှိလို့ပါလို့ ဖြေရပါမယ်။ အဲဒီတော့ အမျှဝေတဲ့လူဟာ မိမိလုပ်တဲ့ ကောင်းမှုဟာလျှော့မသွားဘဲ ပိုလို့သာ တိုးသွားတယ်ဆိုတာကို လူတိုင်းသိကြမယ်ထင်ပါတယ်။

ဒါပေမဲ့ ပိုမိုမှတ်မိအောင် ထပ်ဆင့်ပြောပြပေးပါဦးမယ်။ မိမိအိမ်မှာဖယောင်တိုင်းတစ်တိုင် မီးထွန်းထားတယ်ဆိုပါစို့။ အဲဒီဖယောင်တိုင်တစ်ခုတည်း ထွန်းထားတာဆိုတော့ဖယောင်တိုင်းထွန်းတဲ့အိမ်မှာပဲ အလင်းရောင်အ နည်းငယ်ရှိပြီး ကျန်တဲ့အိမ်တွေမှာ အလင်းရောင်မရှိဘဲ တစ်ရွာလုံးဖြစ်စေ၊ တစ်မြို့လုံးဖြစ်စေ မှောင်မည်းနေမှာပါ။

အဲဒီတော့ မိမိက မိမိထွန်းထားတဲ့ ဖယောင်းတိုင်က မီးကိုအားလုံး လာရောက်ထွန်းညှီယူကြပါလို့ အမျှဝေသလို အားလုံးကို ရှယ်ယာလိုက်ပေး လိုက်တဲ့အခါကျတော့ တစ်မြို့လုံးဖြစ်စေ၊ တစ်ရွာလုံးဖြစ်စေ အလင်းရောင်တွေတောက်ပသွားပါတယ်

အဲဒီလို မိမိကသူများအား မိမိဖယောင်းတိုင်မှ မီးကိုရှယ်ယာပေးလိုက်သော်လည်း မိမိပင်ရင်းဖယောင်းတိုင်မှာအလင်းရောင်လျှော့နည်းမသွားတဲ့အပြင်မိမိရှယ်ယာလုပ်ပေးလို့ သူမျာတွေ အလင်းရောင်းပါရရှိပြီးအလင်းရောင်များ ပိုမိုတိုးသွားသလို အမျှဝေတဲ့လူမှာလည်းအဲ ဒီလိုပဲ ကောင်းမှုလျှော့မသွားတဲ့အပြင် ကောင်းမှုတွေ ပိုမိုတိုးသွားပါတယ်။

ဒါကတော့ ရေစက်ချရခြင်းရဲ့ အကြောင်းနဲ့ပြုလုပ်ပုံများပါ။ ခုမေးခွန်းရှင်သိချင်တာကို ဖြေပေးပါမယ်။ မိမိပြုလုပ်တဲ့ကောင်းမှုကို ရေစက်ခွက်နဲ့ အမျှဝေရန် အခွင့်အခါမသင့်ပါက အပေါ်ကပြောခဲ့တဲ့အတိုင်းအာ ရုံပြုရမဲ့ အချက်အလက်တွေကို မိမိအာရုံပြုပြီး အမျှဝေပေးပါ။ အမျှဝေတဲ့အခါ နှုတ်ကနေ အသံလေးနည်းနည်းတော့ ထွက်ဆိုတာက ပိုသင့်တော်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အမျှဝေတာကိုစောင့်ဆိုင်းနေကြတဲ့ပုဂ္ဂိုလ်တွေမှာတချို့က တန်ခိုးရှိကြပေမဲ့ တချို့မှာ တန်ခိုးမရှိကြတော့မကြားဘဲဖြစ်နေမှာစိုးလို့ပါ။ ဒါပေမဲ့ ကောင်းမှုကုသိုလ်ကို အမျှယူရန်စောင့်ဆိုင်းနေတဲ့ ပုဂ္ဂိုလ်တွေကတော့ သူတို့ကို သီးသန့်နာမည်တပ်ပြီး အမျှဝေရင် သူတို့နားနဲ့သေချာမကြားရပေမဲ့ဒီ လူပါးစပ်လှုပ်တာဟာ အမျှဝေတာဖြစ်မယ်လို့ မှန်းဆကာ သာဓုလည်း ခေါ်ဆိုကြပါလိမ့်မယ်။

လူအချင်းချင်းမှာလည်း တချို့စကားတွေကို သေချာမကြားရပေမဲ့ ပြောတဲ့လူရဲ့ ဟန်အမူရာဟာကိုကြည့်ပြီး သူဘာပြောတယ်ဆိုတာကို ရိတ်မိသလိုမျိုး သာဓုခေါ်ချင်တဲ့ပုဂ္ဂိုလ်တွေကလည်း အဲဒီလို ရမ်းဖမ်းမျိုးနဲ့ သာဓုခေါ်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မိမိအမျှဝေတဲ့အခါမှာတော့ အသံလေး နည်းနည်းပါးပါးတော့ ထွက်ဆိုပေးတာအ ကောင်းဆုံးပါလို့ပြောရပါစေ။

သူများတွေတော့မသိဘူး။ ဦးဇင်းကတော့ ဘယ်သူက ဘယ်အချိန် အမျှဝေလည်းဆိုတာ သေချာမသိရတဲ့အတွက်ညစဉ် မေတ္တာပို့၊ ပရိတ်ရွတ်၊ ဂုဏ်တော်ပွား၊ တရားမှတ်ပြီးချိန်မှာ ကိုယ်ပြုတဲ့ ကောင်းမှုမှန်သမျှကိုလည်း အားလုံးအား အမျှဝေပေးတယ်။ ပြီးရင် တစ်နေ့တာရဲ့ အများကောင်းမှုတွေ အမျှဝေပေးထားတာကိုလည်း ကောင်ကင်မှာ ပျံဝဲနေဦးမယ်ထင်ပြီး အမျှအားလုံးကို စုဝေးပေးပါလို့ အဓိဋ္ဌာန်ကာ စုပေါင်းသာဓုခေါ်ဆိုလေ့ရှိပါတယ်။

ဒါကတော့ ဦးဇင်းရဲ့ ကိုယ်ပိုင်အယူအဆပါ။ အားလုံး အသိဉာဏ်ဗဟုသုတများ တိုးပွားပြီး လိုရာပန်းတိုင်ကို အမြန်လျှောက်လှမ်းနိုင်ကြပါစေလို့ဆန္ဒပြုလျက်… ။

အရှင်ကောမလ (ဆန်နီနေမင်း၊ သာသနတက္ကသီလဓမ္မာစရိယ B. A (Buddhism), M. A (သီရိလင်္ကာ) Ph. D, T (သီရိလင်္ကာ)