ထမင်းဟင်းချက်ပြုတ်ရတာ ဝါသနာပါတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက်တော့ မီးဖိုချောင်ဆိုတာ ပျော်ရွှင်စရာ ကမ္ဘာငယ်လေးတစ်ခုပါ။ မိသားစုအတွက်ရော၊ ကိုယ်တိုင် မြိန်ရေရှက်ရေ စားသောက်နိုင်ဖို့ ချက်ပြုတ်ရတယ်၊ ဒါ့အပြင် ကျန်းမာရေးအတွက်ပါ အာဟာရဓာတ် စုံလင်အောင် စဉ်းစားပေးရပါတယ်နော်။
ဒါပေမယ့်လည်း ဘယ်လောက်ပဲ ချက်ပြုတ်ရတာ ဝါသနာပါနေပါစေ၊ မီးဖိုချောင်နဲ့ ပတ်သက်တဲ့ စိတ်အညစ်ရဆုံးအချိန်ဆိုရင်တော့ ချက် ပြုတ်ခဲ့သမျှ အိုးခွက်ပန်းကန်တွေ၊ ဒယ်အိုးတွေကို ဆေးကြောသန့်ရှင်းရတဲ့ အချိန်ပါနော်။အိုးခွက်ပန်းကန်တွေကတော့ ဆေးကြောဖို့ လွယ်တယ်ဆိုပေမယ့် ချက်ပြုတ်ရတဲ့ ဒယ်အိုးတွေက သန့်ရှင်းဆေးကြောဖို့ အရမ်းခက်ပါတယ်။
ဆီတွေပြောင်သွားခဲ့ရင်တောင် နေ့တိုင်း အသုံးပြုနေရတဲ့ မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့အတွက် အနံ့တွေက စွဲကျန်နိုင်ပါတယ်။ဒီလိုမျိုး အနံ့တွေ ကျန်နေတဲ့အခါ ကိုယ်ချက်လိုက်တဲ့ ဟင်းအပေါ် သွားပြီးအနံ့သက်ရောက်မှုဖြစ်စေနိုင်တယ်။ အနံ့အသက်ကနေ တခြားပိုးကောင်တွေ၊ ပုရွက်ဆိတ်တွေ၊ ယင်ကောင်တွေ တက်နိုင်တယ်။
ဆီမပြောင်ရင်လည်း ချိုးတွေအဖြစ် ဒယ်အိုးမှာကပ်ကျန်ခဲ့ပြီး ဗိုက်အောင့်ဗိုက်နာဖြစ်ကာ မိသားစုကျန်းမာရေးကို သွားပြီးထိခိုက်နိုင်ပါတယ်။မီးဖိုချောင်သုံးပစ္စည်းများကို သန့်ရှင်းရေးလုပ်ခြင်း –
၁။ ကော်ဖီမှုန့် – ပထမဆုံး နည်းလမ်းကတော့ ကော်ဖီစေ့ကို သေချာကြိတ်ထားတဲ့ အမှုန့်လေးတွေနဲ့ သန့်ရှင်းလို့ရမယ့် နည်းလမ်းဖြစ်ပါတယ်။ ကော်ဖီစေ့မရှိဘူးဆိုရင်လည်း အသင့်ဖျော် ကော်ဖီမှုန့်ထုပ်ကို တစ်ထုပ်စာ အသုံးပြုရင် ရပါတယ်။
နည်းလမ်းကတော့ – မီးဖိုကိုမီးဖွင့်ပြီး အနံ့ထွက်နေတဲ့ မီးဖိုချောင်သုံးပစ္စည်းကို တင်ထားပါ။ကော်ဖီမှုန့် ၂ဇွန်း ထည့်ပြီး ရေတစ်ခွက်ထပ်ဖြည့်ပါ။၃ မိနစ်ကြာအောင် အပူပေးပြီးသွားရင် မီးပိတ်လိုက်ပါ။အပူပေးထားတဲ့ ကော်ဖီကို မီးဖိုချောင်သုံးပစ္စည်းထဲ မိနစ် ၂၀ ခန့် ဒီအတိုင်းထားထားပါ။ပြီးသွားရင် ကော်ဖီတွေကို သွန်ပစ်ပြီး ပုံမှန်အတိုင်း ရေ၊ ပန်းကန်ဆေးဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောရုံပါပဲ။
၂။ အာလူး – မျက်နှာပေါ်က အမည်းစက်နဲ့ ကိုယ်ခန္ဓာပေါ်က အနံ့ဆိုးတွေကို ဖျောက်တဲ့နေရာမှာ အာလူးကို အသုံးပြုသလိုပဲ သံတွေနဲ့ လုပ်ထားတဲ့ ဒယ်အိုး၊ ဒယ်ပြားတွေကို အနံ့ဖျောက်ရင်လည်း သုံးလို့ ရပါတယ်။
အာလူးကို မထူမပါး အဝိုင်းပြားပုံစံ ရအောင် လှီးပါ။ အခွံနွှာစရာ မလိုပါဘူး။အာလူးပြား နှစ်ဘက်လုံးကို ဆားနည်းနည်းဖြူးပါ။ပြီးနောက် ဒယ်အိုး၊ ဒယ်ပြားပေါ် ၁၅ မိနစ်ခန့် တင်ထားပါ။အချိန်ပြည့်သွားရင် အာလူးကို ဖယ်လိုက်လို့ ရပါတယ်။ထို့နောက် ရေ၊ ပန်းကန်ဆေးဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောပေးပါ။
၃။ သစ်ကြံပိုးခေါက်မှုန့် – သစ်ကြံပိုးခေါက်မှုန့်ဟာ အနံ့အသက်ဆိုးတွေကို ပျောက်ကင်းစေရုံသာမက ရောဂါပိုးမွှားများကိုလည်း ဖယ်ရှားပေးလို့ အနံ့ချွတ်တဲ့နေရာတင်မကဘဲ ပိုးသန့်စင်ပေးဖို့အတွက်ပါ အသုံးဝင်ပါတယ်။
အသုံးပြုပုံကတော့ – မီးဖိုချောင်သုံးပစ္စည်းထဲ ရေ ၄ခွက်ခန့် ထည့်ပြီးအပူပေးပါ။ရေဆူလာပြီဆိုရင် သစ်ကြံပိုးခေါက်အမှုန့် (အမှုန့်မဟုတ်ဘဲ အခေါက်ကို ထည့်လို့လည်း ရပါတယ်)ကို ထည့်ပြီး ၅မိနစ်ခန့် မွှေပေးပါ။ထို့နောက် မီးပိတ်ပြီး အေးသွားတဲ့အထိ ထားထားလိုက်ပါ။ပြီးသွားမှ အရည်တွေကို သွန်ပစ်ပြီး ထုံးစံအတိုင်း ရေ၊ ဆပ်ပြာနဲ့ ဆေးလိုက်ရုံပါပဲ။
၄။ ရှာလကာရည် – ရှာလကာရည်ကို အသား၊ ငါးတွေမှာ အညှီနံ့ချွတ်ဖို့အတွက်သာမက အိုးခွက်ပန်းကန်တွေ၊ဒယ်အိုး ဒယ်ပြားနဲ့ ဇလုံးတွေရဲ့ ဟင်းနံ့တွေကို ချွတ်ဖို့လည်းအသုံးပြုနိုင်ပါတယ်။ ပုံမှန်အကြည်ရောင် ရှာလကာရည်ကိုသာမက ပန်းသီးရှာလကာရည် (Apple Cider Vinegar) ကိုပါ အသုံးပြုလို့ရပါတယ်။
အနံ့ထွက်နေတဲ့ ဒယ်အိုးထဲသို့ ရှာလကာရည် လက်ဖက်ရည်ခွက် တစ်ခွက်စာထည့်ပြီး ၁၅ မိနစ်လောက် ဆူနေအောင် မီးဖိုမှာတည်ထားပါ။ပုံမှန်အားဖြင့်တော့ ပြန်ဆေးစရာမလိုဘဲ အနံ့ပျောက်ပါတယ်။
ရေနဲ့ ဆပ်ပြာနဲ့ ပြန်ဆေးမယ်ဆိုလည်း အဆင်ပြေပါတယ်။ မီးဖိုချောင်သုံးပစ္စည်းလေးတွေ အနံ့စွဲတာကို ဘယ်လိုဖျောက်ဖျောက်မရတဲ့ လေဒီလေးတွေလည်း ခုပြောပြခဲ့တဲ့နည်းလမ်းတွေကို အသုံးပြုကြည့်ဖို့ အကြံပေးလိုက်ပါတယ်နော်။
Post navigation