အာဏာသိမ်းမှုဖြစ်စဉ်စတင်ကတည်းက ပြည်သူ့ဖက်ကရပ်တည်ခဲ့တဲ့ ဆရာဇင်ယော်နီဟာ ယနေ့သြဂုတ်လ (၁၅) ရက်နေ့မှာဖမ်းဆီးခံလိုက်ရပြီဖြစ်ကြောင်း ဗေဒင်အသိုင်းအဝိုင်းရဲ့ ပြောပြချက်အရသိရှိရပါတယ်။
အာဏာရှင်အားပေးဖြစ်ကြောင်း ဝိုင်းဝန်းစွပ်စွဲခဲ့ကြသလို “ပြည်သူ့ဖက်ကရပ်တည်တာမှန်ကန်တယ်ဆိုရင် အခုချိန်ထိ ဘာကြောင့် အဖမ်းမခံရသေးတာလဲ ” ဆိုတဲ့ဝေဖန်ချက်တွေဟာ တစ်ဖက်လူအတွက်တော့ အတော်လေးထိခိုက်ရလွန်းပါတယ်။ အန္တရာယ်ကိုကြိုမြင်တာကြောင့် ဘေးလွတ်ရာကိုရှောင်တိမ်းနေ ခဲ့ပေမယ့် သတင်းပေးသူကြောင့် လက်ရှိမှာတော့ဖမ်းဆီးခံလိုက်ရပါပြီ။
အာဏာမသိမ်းခင်ကတည်းက (၂၀၂၁) ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့အရေးကို အတိအကျဟောပြောခဲ့တဲ့ ဆရာလင်းညို့တာရာ ဖမ်းဆီးခံရခြင်း(၇) လနဲ့ (၁) ရက်ပြည့်တဲ့နေ့မှာပဲ ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။
တတ်သိနားလည်တဲ့ လောကီပညာရှင်နှစ်ဦး အခုလိုအချုပ်အနှောင်ခံရတာ တကယ်ကိုစိတ်မကောင်းဖြစ်မိကြောင်း ပြည်သူတွေက ဝိုင်းဝန်းပြီးမှတ်ချက်ရေးသားခဲ့ကြပါတယ်။ ပြည်သူ့ကောင်း ကျိုး အတွက် အမြဲလိုလို ယတြာလေးတွေရေးသားပေးခဲ့ကြသူတွေမို့ အချုပ်အနှောင်တွေကနေလည်း အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းပေးနေခဲ့ကြပါတယ်။
ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကြောင့် ခင်မင်ရသူတွေကဖုန်းတွေဝိုင်းဆက်ကြပေမယ့် လက်ရှိမှာတော့လုံးဝဆက်သွယ်လို့မရတော့ဘဲ တကယ်ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်း ခင်မင်ရသူတွေရဲ့ပြောပြချက်အရသိရပါတယ်။
ပြည်သူတွေအတွက်ကောင်းကျိုးပြုနေတဲ့ ပညာရှင်တစ်ယောက် အန္တရာယ်ကြီးကြီးမားမားမကျရောက်ဘဲ ဘေးကင်းပြီး အဆင်ပြေပြေရှိနေစေဖို့ ဝိုင်းပြီးမေတ္တာပို့ပေးကြတဲ့ မှတ်ချက်တွေလည်း အများအပြားပါပဲ။