ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ် ကန်ပက်လက်မြို့ သို့ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်များကို ထွက်ကြိုဆိုသည့် စစ်ကြောင်းတခုနှင့် ဒေသခံ ကန်ပက်လက် CDF တို့ကြား ယမန်နေ့(စက်တင်ဘာလ ၁၅)ရက်နေ့ နံနက် ၁၀ နာရီမှ စ တင်ကာ တနေလုံးနီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
CDF ၏ ပြောရေး ဆိုခွင့်ရှိသူတဦးက“မနေ့ကတော့ တရက်လုံးနီးပါး တိုက်ပွဲဖြစ်တယ်။ ကျနော်တို့က လက် နက်အင်အားက တူမီးတွေပဲ ကိုင်နိုင်တဲ့အခါကျတော့ ရင်ဆိုင်ပစ်ဖို့အတွက်ကို အဆင်မပြေဘူး။ အဆင်မပြေတော့ ပြောက်ကျားနည်းကို သုံး ပြီးတော့မှ သားကောင်ကို ချောင်းပစ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့သူက များတဲ့အတွက် ချောင်းပစ်တာကို အဓိက သုံးပါ တယ်”ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများ သုံး၍ ပစ်ခတ်ခဲ့သော်လည်း CDF ဘက်တွင် ထိခိုက်မှု မရှိ ကြောင်း၊ စစ်ကောင်စီတပ်ဘက်က အနည်းဆုံး စစ်သား ၁၀ ဦး ကျဆုံးနိုင်ကြောင်း CDF ဘက်က ပြောသည်။
တိုက်ပွဲ မဖြစ်ပွားမီရက်များက ကန်ပက်လက်ဒေသသို့ ရဟတ်ယာဉ်များ ပျံဝဲခဲ့ကြောင်း၊ ကန်ပက်လက်-ဆော သွားသည့် လမ်းမှာလည်း အသွားအလာ ရှိပါက လက်နက်ကြီး၊ လက်နက်ငယ်များနှင့် လှမ်းပစ်နေသဖြင့် မလုံခြုံသေးကြောင်း သိရသည်။
CDF တပ်ဖွဲ့ဝင်တဦးက“တိုက်ပွဲစဖြစ်ရတာက အင်အားစချဲ့လာတယ်။ လက်နက်ကြီးကျည်တွေကြောင့် ပြည်သူတွေရဲ့ အိမ် တွေ ဘုရားကျောင်းတွေကို အများပိုင် ပစ္စည်းတွေကို ဖျက်ဆီးတာတွေ လုပ်လာတဲ့အတွက် ကျနော်တို့က ပြည်သူကို ကာ ကွယ်ဖို့အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ပြည်သူတွေအတွက်ကို တိုက်ပွဲ ဝင်ရတာ ဖြစ်ပါတယ်”ဟု ပြော သည်။
၎င်းကဆက်၍ “ပြီးခဲ့တဲ့ ၁၁ ရက်နေ့တုန်းကလည်း ကျနော်တို့ ကန်ပက်လက် မြို့တွင်းကို ပြောက်ကျားနဲ့ ဝင်ပစ်တယ်။ အဲဒီ တိုက်ပွဲမှာ စစ်တပ်ဘက်က ၃ ယောက် သေတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိဘူး။ ဒါပေမယ့် အခြေအနေ အရ ကျနော်တို့ တပ်ဆုတ်ပေးခဲ့ရတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့ကလည်း မကွေး တိုင်း၊ ဆောမြို့နယ်နှင့် ချင်းပြည်နယ် ကန်ပက်လက်နယ်အစပ်တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်များနှင့် ဒေသကာကွယ်ရေးတပ် CDF တို့ကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်တပ် ဘက်က အနည်းဆုံး စစ်သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
#WhatIsHappeningInMyanmar
#RejectMilitaryCoup
ဧရာဝတီ