News

“စစ်ကောင်စီရဲ့ လုံလဲရ်စခန်းကို CNF၊ CDF ပူးပေါင်းအဖွဲ့က ဘယ်လို တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့(ရုပ်/သံ)”

ရန်ကုန်၊ စက်တင်ဘာ ၁၃

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို အင်အား ၄၀၀ ခန့်ပါသော ချင်းအမျိုးသားတပ်မတော် CNA နှင့် CDF ထန်တလန် ပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာလ ၁၁ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီမှ ၁၂ ဦး သေဆုံးပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ၈ ဦး ဒဏ်ရာရကြောင်း CDF က သတင်းထုတ်ပြန်သည်။

လုံလဲရ်စခန်းသိမ်းတိုက်ပွဲတွင် MA အမျိုးအစားသေနတ်များအပါအဝင် သေနတ် ၁၄ လက်၊ စိန်ပြောင်း ၁ လက်နှင့် ကျည်ဘောက်များ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ စစ်ကောင်စီစခန်းအား စက်တင်ဘာလ ၁၀ ရက် တွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် လေကြောင်းပစ်ကူပေးခဲ့သောကြောင့် ချင်းတပ်ဖွဲ့များဘက်မှ ပြန်လည်ဆုတ်ခွာခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီစခန်းသည် လုံလဲရ်ကျေးရွာနှင့် ကပ်လျက်တွင် တည်ရှိပြီး ယခုလ ၁၀ ရက်နေ့တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်မှ ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံရွာသားများမှာ အိန္ဒိယ မီဇိုရမ်ပြည်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာသော လုံလဲရ်ကျေးရွာနှင့် အခြားသောကျေးရွာမှ ပြည်သူလူထုများကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Cherhlun နှင့် Ngharchhip ကျေးရွာလူထုက ကြိုဆိုလက်ခံထားကြပြီး အစိုးရကျောင်းများတွင် ထားရှိနေကြရကြောင်း စစ်ရှောင်ဦးရေ ၂၀၀ ကျော်ခန့် ရှိကြောင်းဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

(တောင်ကုန်းပေါ်တက်တိုက်နေတဲ့ CDF များ)

စက်တင်ဘာလ ၁၃ ရက်နေ့ ထန်တလန်မြို့နယ် ဗန်ဇန်တောင်ကြောတလျှောက် စစ်ကောင်စီမှ လေယာဉ်တစ်စင်း ပျံသန်းနေသည်ကို တွေ့ရကြောင်း ဒေသသတင်းရင်းမြစ်များမှ ဗီဒီယိုမှတ်တမ်းနှင့်တကွ ဖော်ပြသည်။

ရုပ်သံကြည့်ရန်

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်တွင်လည်း မင်းတပ်မြို့အနောက်တောင်ဘက် မိုင် ၇၀ ခန့်အကွာရှိ မကွီအိမ်နူး ရှေ့တန်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့် ဗိုလ်ကြီး သိန်းထိုက်အပါအဝင် တပ်မတော်သား ၈ ဦးသည် CDM ပြုလုပ်ပြီး CDF နှင့် ပူးပေါင်းခဲ့သည်။