News

“နွားနို့ ခိုးသောက်မိလို့ သေတဲ့အထိ အရိုက်ခံရတဲ့ ကိုရင်လေး”

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စု မိုင်းကောင်ကျေးရွာရှိ ကိုရင်လေးတစ်ပါး နွားနို့ ခိုးသောက်တာကြောင့် ရိုက်နှက်ခံရပြီးနောက် ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်မှာ ကျောင်းရှိ ကိုရင်လေးတွေဟာ သန့်ရှင်းရေးလုပ်အပြီးမှာ သက်တော် ၉ နှစ်အရွယ် ကိုရင်လေးတစ်ပါးက နွားနို့ ခိုးသောက်တာကြောင့် ဦးဇင်းတစ်ပါး ရိုက်နှက်ဆုံးမပြီးနောက် ဆယ်ရက်အကြာ စက်တင်ဘာ ၃ ရက်မှာ ပျံလွန်တော်မူသွားပါတယ်။

ကိုရင်လေးရဲ့ မိသားစုဝင်တစ်ဦးက “ကိုရင်က ဆယ်ချက်ကျော် ရိုက်ခံရတယ်။ သူအရိုက်ခံရပြီးနောက်ပိုင်းမှာ ခေါင်းကိုက်တယ်ပဲ ပြောတယ်။ ကျွန်မလည်း ဆေးတိုက်တယ်။ နောက် သုံးရက် လေးရက်အကြာမှာ ခြေထောက် မလှုပ်နိုင်တော့ဘူး။ လေဖြတ်သလို ဖြစ်သွားတယ်” ဆိုပြီး ရှမ်းဘာသာစကားနဲ့ ရွှေဖီမြေကို ဒီနေ့မှာ ပြောပြပါတယ်။

အခုလို ကိုရင်လေးကို ညိုမဲအောင် ရိုက်နှက်ဆုံးမတာဟာ မဖြစ်သင့်ကြောင်းနဲ့ ဆုံးမရင်လည်း အသက်အန္တရာယ်ထိ ရောက်စေနိုင်မယ့် ပြစ်ဒဏ် မပေးသင့်ကြောင်း ၎င်းက ပြောပါတယ်။

ကိုရင်လေးရဲ့ မိဘနှစ်ပါးဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတယ်လို့လည်း သိရပါတယ်။

“ကျွန်မတို့ ဘယ်လို ဖြစ်စေချင်တာလဲဆိုတော့ ဦးဇင်းဖြစ်သူလည်း ဝန်ခံစေချင်တယ်။ ပြီးတော့ ပေးသင့်တဲ့ ပြစ်ဒဏ်ကိုလည်း လုပ်စေချင်တယ်။ ဖြေရှင်းပေးစေချင်တယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ကိုရင်လေး ရိုက်နှက်ခံရပြီးနောက် ပျံလွန်တော်မူသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆရာတော်တွေ၊ ရပ်ရွာဥက္ကဌတွေဟာ ဆွေးနွေးမှု တစ်စုံတစ်ရာ လုပ်ပေးတာ မရှိသေးဘူးလို့ ပြောပါတယ်။

အဆိုပါ ကိုရင်လေးဟာ အရင်က အတက်ရောဂါအခံရှိသူ ဖြစ်ကြောင်းလည်း သိရပါတယ်။

#ကိုရင်လေး #ရိုက်နှက်ခံရ #ပျံလွန်တော်မူ #မိုင်းကောင်ရွာ #ကျေးသီး

ရွှေဖီမြေ၊ စက်တင်ဘာ ၁၀ ရက်၊ ကျေးသီး

#ဓာတ်ပုံ- Local