ဗဟုသုတ

တရုတ်ထုတ်ကာကွယ်ဆေး ထိုးထားသော BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ကိုဗစ်-၁၉ ကူးစက်ခံထားရ

ရန်ကုန်၊ စက်တင်ဘာ ၆

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူသည် ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး ရွှေကုက္ကိုလ်ရှိ ၎င်း၏နေအိမ်တွင် ဆေးကုသမှုခံယူနေကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရသည်။

BGF ခေါင်းဆောင်သည် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံထားသော်လည်း လက်ရှိတွင် ကိုဗစ် ကူးစက်ခံထားရတာကြောင့် အမေရိကန်နိုင်ငံထုတ်ကာကွယ်ဆေးကို ထပ်မံမှာယူပြီး ထိုးနှံသွားဖို့ရှိကြောင်းနှင့် လက်ရှိတွင် ကျန်းမာရေးအခြေအနေကောင်းမွန်နေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ် klo FM တွင် ဖော်ပြသည်။

NLD အစိုးရလက်ထက်၌ အိန္ဒိယနိုင်ငံမှ မှာယူခဲ့သော ကိုဗစ်ရှီး (covishield) ကာကွယ်ဆေးများအား စစ်ကောင်စီမှ မတရားအာဏာသိမ်းပြီးနောက် ပြည်သူများအားထိုးနှံပေးခြင်းမပြုတော့ဘဲ စစ်တပ်မှ ထိပ်ပိုင်းအရာရှိများနှင့် ၎င်းတို့၏ မိသားစုများကိုသာ ထိုးနှံပေးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီသည် ဇူလိုင်လ ၂၈ ရက်မှစတင်ကာ ပြည်သူများအား တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးများကို စတင်ထိုးနှံပေးနေသည်ဟု သတင်းရရှိသည်။

BGF ထိန်းချုပ်ရာဒေသများအတွင်း၌လည်း ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုများနေပြီး ၎င်းတို့အခြေစိုက်သည့် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသတွင် သေဆုံးသူ၂၀ခန့်ရှိပြီဖြစ်ကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရသည်။

မကြာသေးမီရက်ပိုင်း၌ BGF အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး စောဒေါဒေါနှင့် တပ်နယ် ၃ တပ်မှူး ဒုဗိုလ်မှူးကြီး ကတုံး တို့ ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးခဲ့သည်။

ကရင်နယ်ခြားစောင့်တပ်ဖွဲ့သည် လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီနှင့်အတူ ကရင်အမျိုးသားအစည်းအရုံ းKNUထိန်းချုပ်ရာဒေသများအတွင်းသို့ ထိုးစစ်ဆင်နေသောကြောင့် ကရင်ပြည်သူလူထုမှ ဝေဖန်ရှုတ်ချခြင်းခံနေရသော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဓါတ်ပုံ – BGF ခေါင်းဆောင်စောချစ်သူ အား ဘားအံ-မြဝတီ အာရှလမ်းမ တစ်နေရာတွင် တွေ့ရစဉ် (ပုံအဟောင်း)

Khit Thit Media