Webster,Texasက လမ်းကွေ့တစ်ခုမှာ သုံးနှစ်လုံးလုံး တစ်နေရာတည်းမှာပဲ နေပူပူမိုးရွာရွာ ငုတ်တုတ်ထိုင်နေတဲ့ အိမ်ရာမဲ့လူတစ်ယောက်ရှိတယ်။ညဆို ဘယ်လောက်အေးခဲနေပါစေ..မနက်ဆို ပြင်းထန်အောင်ဘယ်လောက်ပူပါစေ ထိုနေရာမှာပဲ သုံးနှစ်လုံးလုံး သူထိုင်နေခဲ့တယ်။
ဒေသခံတွေက သူ့ကိုသတိထားမိတယ် ဒါပေမယ့် သူ့ကိုတွေ့လည်း ပုံမှန်တိုင်းကားဖြတ်မောင်းသွားကြတာချည်းပဲ..ဘယ်သူမှသူ့ကို အဲ့ဒီနေရာကနေထွက်သွားဖို့လည်းမပြောခဲ့ဘူး။
Ginger Sprouse ဆိုတဲ့အမျိုးသမီးက ထိုလူကိုကြည့်ပြီး ဘာကြောင့်ဒီနေရာမှာ သုံးနှစ်လုံး ထိုင်နေတာလည်းလို့အံ့သြပြီး သိချင်လာတယ်။ ထိုလူအတွက် တစ်ခုခုတော့လုပ်ပေးသင့်ပြီထင်တယ်လို့ သူမတွေးခဲ့တယ်။ တစ်ချို့ဒေသခံတွေက သူ့ကိုဒီတိုင်းပဲထိုင်နေလို့ တဖျစ်ဖျစ်တောက်တောက် ပြောကြတယ်။
တစ်နေ့တော့ အများကလစ်လျူရှုထားတဲ့လူတစ်ယောက်အတွက် တစ်ခုခုလုပ်ပေးဖို့ သူမဆုံးဖြတ်ခဲ့တယ်။ကားကိုရပ် တံခါးကိုဖွင့်ကာ..သုံးနှစ်လုံးထိုင်နေရတဲ့အကြောင်းရင်းကို သူမသွားမေးလိုက်တယ်။ ထိုလူကလည်း ရိုးသားစွာနဲ့ပဲ သူ့ဘဝအကြောင်းကိုပြောပြခဲ့တယ်။
သူ့နာမည်က Victor Hubbard အသက်က ၃၂နှစ်ရှိပါပြီ။သူ့မှာစိတ်ပိုင်းဆိုင်ရာရောဂါအခြေအနေ ရှိနေပြီး လွန်ခဲ့တဲ့၃နှစ်တည်းက သူ့ကိုအမေကစွန့်ပစ်ခဲ့တာလို့သိရပါတယ်။ အခုလက်ရှိသူနေနေတဲ့နေရာက လွန်ခဲ့တဲ့၃နှစ်က သူ့အမေထားခဲ့တဲ့နေရာပါပဲ။ သူ့အမေပြန်လာခေါ်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အဲ့ဒီမှာသူထိုင်နေခဲ့တာပါ။
အထက်ပါ သူ့ဇာတ်လမ်းကိုကြားလိုက်ရတော့ Ginger စိတ်မကောင်းဖြစ်ခဲ့ရတယ်။ နောက်ပိုင်း နေ့လည်စာစားချိန်တွေ သူ့ဆီအလည်သွားခဲ့တယ်။ ဆောင်းရာသီဆို သူ့ကျန်းမာရေးအတွက် Gingerစိတ်ပူမိတယ်။ Gingerနဲ့ သူမခင်ပွန်းက Victor ဗိုက်ဆာခဲ့သည်ရှိသော် ဒါမှမဟုတ် ရာသီဥတုအရမ်းအေးရင် သူတို့အိမ်ကိုအချိန်မရွေးလာခဲ့ဖို့ ခွင့်ပြုပေးခဲ့တယ်။
အခု သူ့ကိုလမ်းမပေါ်ကနေခေါ်လာပြီး အဝတ်စားတွေပေး၊ထမင်းတွေကျွေးကာ ..သူတို့စားသောက်ဆိုင်မှာပဲ အလုပ်တစ်ခုပေးထားလိုက်တယ်။သူမဘာသာ Victor ရဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါကို ကုသပေးဖို့လုပ်ခဲ့တယ်။သူ့ရဲ့အကြောင်းရာကို ဖေ့စ်ဘုတ်မှာတင်ပြီးနောက်မှ လူတွေက Victorကိုကူညီပေးဖို့ ဆက်သွယ်လာကြတယ်။
အင်တာနက်မှာ ဟိုးလေးတစ်ကျော်ဖြစ်သွားတော့ Victorရဲ့ဦးလေးဆိုသူက Ginger ကို ဆက်သွယ်လာတယ်။ ထိုဦးလေးကလည်း Texas အခြားတစ်ဖက်မှာနေထိုင်ပြီး သတင်းဖတ်မိတော့မှ ဒီအကြောင်းသိရတယ်လို့ဆိုပါတယ်။
မကြာမီမှာပဲ.. Victorနဲ့သူ့အမေပြန်တွေ့ခဲ့တယ််။ ”အမေကို ကျွန်တော်စကားပြောချင်တယ်..ကျွန်တော်ဒီမှာအရမ်းအဆင်ပြေနေပြီဆိုတဲ့အကြောင်းပေါ့” လို့ Victor ကပြောပါတယ်..သူ့ရဲ့အကောင်းဆုံးသူငယ်ချင်း Ginger နဲ့ အခြားလူတွေကိုလည်း ကျေးဇူးတင်တယ်လို့ပြောထားပါတယ်။