ဗဟုသုတ

ထီပေါက်ရင် ပေါက်မဲအပြည့် ငွေသားပေးမယ်ဆိုပြီး ဆွဲဆောင်လာတဲ့ အောင်ဘာလေထီ ဘာဆက်ဖြစ်မလဲ။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ပြီး သူ့တို့ရဲ့ ၀င်ငွေရပေါက်ရလမ်းတွေကို ကန့်သတ်ပိတ်ဆို့နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ပြည်သူအများစုက အောင်ဘာလေထီတွေမထိုးဘဲ ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပြီးတဲ့နောက် ရန်ကုန် ၊ မန္တလေး အပါအဝင် မြို့ကြီးတွေက ထီဆိုင်ကြီးတွေနဲ့ ထီဆိုင်ခွဲတွေ ပိတ်သိမ်းလာကြပါတယ်။

အောင်ဘာလေသိန်းဆုဌာနခွဲဘက်ကထီဆုငွေတွေကို တိုးမြှင့်ချီးမြှင့်ပြီး ထီပေါက်ငွေကို အပြည့်ငွေသားထုတ်ပေးမယ်လို့ ထုတ်ဖော်ပြောကြားထားပေမယ့်အောင်ဘာလေထီထိုးသူမရှိ သလောက်ဖြစ်နေပြီး ထီစျေးကွက် ပျက်သလို ဖြစ်နေပြီလို့ ထီလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာ အောင်ဘာလေထီ ဆုချီးမြှင့်ငွေ ကျပ်ငွေ သိန်းတသောင်းခွဲအထိ တိုးမြင့် ချီးမြှင့်ပေးနိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း လစဥ် ပုံမှန် ထီဖွင့်နိုင်ခြင်းမရှိသလို အမြင့်ဆုံးဆုအဖြစ် ကျပ်ငွေ သိန်း ၅၀၀၀ အထိသာ ချီးမြှင့်နိုင်ခဲ့တာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း ထီစျေးကွက်အခြေအနေ ယိုင်လဲလာလို့ ဆိုင်ပိတ်သိမ်းခဲ့ရတဲ့ ရန်ကုန်မြို့က ထီကုန်သည်တဦးက အခုလို ရှင်းပြပါတယ်။

” အရင်တုန်းက အုပ်ရေ သိန်း ၃၀ ကျော်လောက် ကုန်တဲ့ဟာက အခုဟာက အုပ်ရေ ၁ သိန်းကျော်တောင် မနည်းရောင်းနေရတဲ့ အခြေအနေမျိုးပေါ့။ ဆန္ဒပြတာနဲ့ ဘာနဲ့ စီဒီအမ်လုပ်ကြတာနဲ့ဆိုတော့ ထီက မရောင်းရတော့ဘူး။

လက်ထဲမှာ ထီတွေ အများကြီး ပိုက်မိသွားတယ်။ ပြည်သူတွေကလည်း မထိုးကြတော့ဘူး။ အခုလက်ရှိ ရောဂါအခြေအနေရယ်ကြောင့် ဆုံးရှုံးမှုက အရမ်းများသွားတယ်။ အဲဒါနဲ့ လုပ်ငန်းကို ရပ်ပစ်လိုက်တော့တာ” လို့ ဆိုပါတယ်။

အခုနောက်ဆုံး စက်တင်ဘာလ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ အကြိမ် ၃၀ မြောက် ကိုကြည့်မယ်ဆိုရင် ‘က’ အက္ခရာ ကနေ အစဉ်လိုက် ‘ည’ အက္ခရာအထိ အက္ခရာ ၁၀ လုံး သာ ထုတ်တာတွေ့ရပြီး ထီအစောင်ရေ တသိန်းကျော်သာ ရောင်းချနိုင်ခဲ့တာပါ။

အရင်ကတော့ အက္ခရာ အလုံး ၄၂ လုံးအထိ ထုတ်နိုင်ခဲ့တဲ့ ထီစျေးကွက်ဟာ အခုတော့ တဖြည်းဖြည်းနဲ့ ထီအုပ်ရေ လျော့ကျပြီး ထီရောင်းရငွေပါ ကျဆင်းလာနေပါတယ်။

ထီဈေးကွက်ပျက်တဲ့နောက် ထီဆိုင်တွေပိတ်ရလို့ ထီလုပ်ငန်းမှာ လုပ်ကိုင်သူတွေ၊ ဝန်ထမ်းတွေရဲ့ အလုပ်အကိုင်တွေလည်း အခက်အခဲတွေ ဖြစ်ခဲ့ရတယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

စစ်ကောင်စီဘက်ကတော့ ထီရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို ချီးမြှင့်ငွေအဖြစ် ပြန်လည် ချီးမြှင့်သွားမယ်လို့ဆိုပြီး အမြင့်ဆုံးဆု ကျပ်သိန်း ၅၀၀၀ အပါအ၀င် ထီပေါက်ငွေအားလုံးကို တလုံးတခဲတည်း ငွေသားထုတ်ပေးမယ်လို့ ဆိုပြီး ပြည်သူတွေကို ထီထိုးဖို့ စည်းရုံးနေပါတယ်။

ပေါက်မဲအကုန်လုံးကို ငွေသားရရှိမှာ ဖြစ်တာကြောင့် ထီထိုးမယ့်သူတွေ များလာလိမ့်မယ်လို့ ရန်ကုန်က ထီလုပ်ငန်းရှင် တဦးက မျှော်လင့်နေပါတယ်။

“အခုပေါက်မဲအကုန်လုံးကို ပေးဖို့ စီစဥ်ထားတော့ ထီထိုးမယ့်သူတွေအတွက် ၀မ်းသာစရာပါ။ ငွေပြောင်းလဲမှုရှိရင် လူတွေ စိတ်၀င်စားလာမှာပါ။ တချို့က ထီထိုးရင် ဘာဖြစ်မယ် ညာဖြစ်ဆိုပြီး ခြိမ်းခြောက်မှုတွေရှိတယ်။ အဲဒါတွေလည်း တဖြည်းဖြည်းနဲ့ ငြိမ်သွားမယ်ထင်တယ်” လို့ ဆိုပါတယ်။

ထီရောင်းချသူတွေကတော့ စက်တင်ဘာလ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ သြဂုတ်လ ထီရောင်းရငွေနဲ့ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက် ထီဖွင့်ဖွဲအတွက် ဇန်နဝါရီလရဲ့ ထီလက်မှတ်ရောင်းချရငွေကို နှိုင်းယှဉ်ကြည့်ရင် အာဏာသိမ်းပြီးနောက် ထီရောင်းရငွေဟာ ကျပ်ဘီလီယံ ၃၀ ကျော် လျော့နည်းသွားခဲ့တာ တွေ့ရတယ်လို့ ပြောဆိုကြပါတယ်။

တဖက်မှာလည်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က အောင်လံလွှင့်ချီ နွေဦးထီကို သြဂုတ်လ လလယ်ပိုင်းမှာ အွန်လိုင်းကနေ စတင်စမ်းသပ် ရောင်းချခဲ့ပြီး ၅ ရက်အတွင်း ထီအစောင်ရေ အတည်ပြု လက်မှတ်ပေါင်း ၂၅၀,၀၀၀ ကျော် ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ငါးရက်အတွင်း NUG ရဲ့ နွေဦးထီ အတည်ပြုလက်မှတ်တွေရဲ့ ရောင်းရငွေဟာ ကျပ်သိန်းပေါင်း ၅၀၀၀ လောက် ရှိနိုင်တယ်လို့ဆိုပြီး အဲဒီထဲက ၇၀ ရာခိုင်နှုန်းကို စီဒီအမ် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါ၀င်ကြသူတွေကို ထောက်ပံ့ကူညီသွားမယ်လို့ ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်,ရွှေအင်းသားခင်မောင်ဝင်း