ဆေးပညာဆိုင်ရာ ဗဟုသုတမျှဝေတဲ့ ရင်သားဓာတ်ပုံတွေပါမချန် ဆင်ဆာဖြတ်တဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်ကို မကျေနပ်တဲ့အတွက် ရင်သားကြီးကြီးထွားထွားပုံသဏ္ဍာန် ဖက်ရှင်ဝတ်စုံဝတ်ဆင်ထားတဲ့ လူတစုက လန်ဒန် ဖေ့စ်ဘုတ်ရုံးရှေ့အထိ ချီဆက်ဆန္ဒပြခဲ့ကြပါတယ်။
ရင်သားကင်ဆာဝေဒနာရှင်တွေက ဗဟုသုတနဲ့ အတွေ့အကြုံမျှဝေတဲ့အနေနဲ့တင်တဲ့ ရင်သားဓာတ်ပုံတွေကိုပါ ဖေ့စ်ဘုတ်က ဆင်ဆာဖြတ်တယ်လို့ဆိုပါတယ်။
ဒီကန့်ကွက်ဆန္ဒပြပွဲကို ကမ္ဘာ့ ဆေးပညာဆိုင်ရာအနုပညာရှင်များအဖွဲ့လို့ခေါ်တဲ့ ကင်ဆာရောဂါကြောင့် နို့သီးဖြတ်ထုတ်ထားသူတွေကို ဆေးမှင်နဲ့အလှဆင်ပေးခြင်း (post-mastectomy nipple tattoos) အလုပ်လုပ်သူများအဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ သူတို့အသံကို ဖေ့စ်ဘုတ်ကနားထောင်ပေးခဲ့ပါတယ်။ သူတို့အဖွဲ့ကတင်ပြီး ဖြုတ်ချခံရတဲ့ဓာတ်ပုံတွေအားလုံးကို ပြန်လည်ခွင့်ပြုပေးခဲ့ပြီး နောက်နောင် ဒီလိုထပ်မဖြစ်စေဖို့ နည်းလမ်းတွေရှာကြံသွားမယ်လို့ ဖေ့စ်ဘုတ်ကဆိုပါတယ်။