ဗဟုသုတ

မိဘအုပ်ထိန်းသူ တစ်ယောက်မျှမပါဘဲ အထုပ်ကလေးဆွဲပြီး ဩစတေးလျကို တစ်ကိုယ်တည်း ရောက်လာတဲ့ အာဖဂန်က ကလေးမလေး

တာလီဘန်တွေက အာဖဂန်နစ်စတန်နိုင်ငံရဲ့ မြို့တွေကိုအလျင်အမြန် သိမ်းပိုက်လာခဲ့တာကြောင့် အာဖဂန်ပြည်သူတွေဟာ နိုင်ငံကနေထွက်ပြေးဖို့ ကာဘူးလ်လေဆိပ်မှာ ကြိုးစားခဲ့ပါတယ်။

အမေရိကန်စစ်တပ်ကလည်း ကာဘူးလ်လေဆိပ်ကို ထိန်းချုပ်ပြီး သိန်းနဲ့ချီ ဒုက္ခရောက်နေတဲ့ အာဖဂန်ပြည်သူတွေကို ၎င်းတို့ရဲ့ C-17 သယ်ပို့လေယာဥ်များဖြင့် နိုင်ငံကနေ ကယ်ထုတ်ပေးခဲ့ပါတယ်။

နိုင်ငံကနေ ထွက်ပြေးတဲ့ အာဖဂန်ပြည်သူတွေဟာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်ထွက်ပြေးခဲ့ကြသလို ထွက်ပြေးလာတဲ့ သူတွေထဲမှာ အမျိုးသမီးများနဲ့ ကလေးသူငယ်တွေ နည်းပါးခဲ့ကြောင်း သိရပါတယ်။

ယမန်နေ့က နိုင်ငံတကာရဲ့ သတင်းဖော်ပြချက်တွေမှာ အထုပ်ကလေးဆွဲပြီး လက်တစ်ဖက်က ဘောလုံးလေးပိုက်ထားတဲ့ ကလေးမလေးတစ်ယောက်ရဲ့ ပုံရိပ်တချို့ ဖော်ပြခဲ့ပါတယ်။

ဒီကလေးမလေးဟာ အာဖကန်ကနေ မိဘအုပ်ထိန်းသူတစ်ယောက်မျှမပါပဲ ဩစတေးလျနိုင်ငံကို တစ်ကိုယ်တည်းရောက်လာခဲ့သူပဲ ဖြစ်ပါတယ်။

အဆိုပါကလေးမလေးကို ဩစတေးလျ တာဝန်ရှိသူတွေက ကယ်ဆယ်ထားကြောင်း ဖော်ပြချက်အရ သိရပါတယ်။

ကလေးမလေးဟာ လက်ရှိ Hotel တစ်ခုမှာ ကွာရန်တင်းဝင်နေပြီး သူ့လိုပဲ Hotel ကွာရန်တင်းဝင်နေတဲ့ တစ်ကိုယ်တည်း ကလေး(၁၀)ယောက်နီးပါးလောက်လည်း ရှိတယ်လို့ ဆိုပါတယ်။

နောက်ရက်များမှာလည်း အဆိုပါ ကလေးတွေလိုမျိုး အုပ်ထိန်းသူမပါဘဲ ဩစတေးလျကို ပိုမိုရောက်ရှိလာမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားခဲ့ကြပါတယ်။

တချို့ပြည်သူတွေကတော့ အဆိုပါကလေးမလေးဟာလေဆိပ်က ထွက်ပြေးလာနေရင်း မိဘများနဲ့ ကွဲကွာပြီး လေယာဥ်ပေါ်ပါလာခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။