ဗဟုသုတ

အတင်းအကြပ်ငွေတောင်းရမ်းခိုင်းပြီး နှိပ်စက်တဲ့ မိခင်ဆိုးရဲ့လက်ထဲကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်တဲ့ မြဝတီမြို့က သနားစရာကလေးငယ်

ကလေးတွေဟာ အနာဂတ်ရဲ့အဖူးအပွင့်လေးတွေဖြစ်ပြီး ဒီလိုကလေးတွေရဲ့အနာဂတ်ကို အကောင်းဆုံးဖြစ်အောင်ပုံဖော်ပေးရမှာ အုပ်ထိန်းသူတွေရဲ့တာဝန်ပါပဲ။ပတ်ဝန်းကျင်မှာ ငွေတောင်းရမ်းနေတဲ့ကလေးငယ်တွေကို မကြာခဏဆိုသလိုတွေ့ဖူးကြမှာပါ။

ဒီကလေးတွေဟာ တစ်ယောက်ယောက်ရဲ့ အတင်းအကြပ်စေခိုင်းမှုကြောင့်ဖြစ်စေ မိမိသဘောဆန္ဒအလျောက်ဖြစ်စေ ဒီလိုငွေကြေးတောင်းရမ်းမှုတွေကိုလုပ်နေရတာဟာ သနားစရာကောင်းလွန်းပါတယ်။ အရွယ်နဲ့မလိုက်အောင် ခက်ခဲလွန်းတဲ့ဘဝမှာ တောင်းရမ်းမှသာအသက်ဆက်နိုင်မယ့် အနေအထားတွေဖြစ်နေခဲ့တာပါ။

ဒီနေ့မှာလည်း မြဝတီမြို့က ယာဉ်အသွားအလာ များပြားလွန်းလှတဲ့ အမှတ် (၄) ရပ်ကွက် ကမ္ဘာဇဘဏ် (၃) အရှေ့ဘုရင့်နောင်လမ်းမကြီးပေါ် က ကားတွေကြားထဲမှာ ပြေးလွှားတောင်းရမ်းနေတဲ့ ကလေးငယ် တစ်ယောက်ဟာ အန္တရာယ်တွေထက် မိခင်ဟုယူဆရတဲ့ အမျိုးသမီးရဲ့နှိပ်စက်မှုကိုခံရမှာ ပိုပြီးကြောက်ရွံ့နေခဲ့ပါတယ်။

ကလေးအရွယ်လေးဟာ ဒီလိုအလုပ်တွေမလုပ်ချင်ပေမယ့် ကလေးဗန်းပြပြီး ငွေကြေးအလကားယူချင်နေတဲ့ လူ့အန္ဓတွေရဲ့လုပ်ရပ်ဟာ ရွံရှာမုန်းတီဖွယ်ပါပဲ။ ဒီကလေးရဲ့အဖြစ်ကိုတော့ မြဝတီမြို့က သတင်းသမား ကိုဝင်းဇော်က Facebook မှာ Live လွှင့်ပြီး အားလုံးသိအောင် ပြောပြခဲ့ပါတယ်။

ဒီနောက်မှာတော့ မြဝတီမြို့ အခြေစိုက် ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေး (CCF) ဖောင်ဒေးရှင်းမှ ၎င်းတို့ရဲ့ဂေဟာမှာခေတ္တထိန်းသိမ်းစောင့်ရှောက်ထားရန် ကမ်းလှမ်းလာခဲ့ပါတယ်။

ဒီကမ်းလှမ်းမှုကြောင့် မြဝတီခရိုင် လူမှုကယ်ဆယ်ရေးခရိုင်ဦးစီးမှုး ဦးသီဟနိုင်နဲ့ အမှတ် (၄) ရပ်ကွက် ရာအိမ်မှုးများရှေ့မှာ ကလေးငယ်အား ခေတ္တထိန်းသိမ်း စောင့်ရှောက်ရန် (CCF) ဖောင်ဒေးရှင်းမှ သြဂုတ်လ (၃၀) ရက်နေ့ ညမှာပဲ ယင်းတို့ရဲ့ ဂေဟာသို့ ခေါ် ဆောင်ကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။ အေးချမ်းသွားတဲ့ ကလေးရဲ့ဘဝအတွက် တကယ်ကိုစိတ်ချမ်းသာရပါတယ်။