ဘာလိုသေးလဲ…………
“မျှစ်လား” အပေါဆုံးပဲ မိုးတွင်းဆိုတော့ မျှစ်စို့ကြီးတွေကလတ်ဆတ်လို့ နုဖတ်လို့။
မန်ကျည်းသီးခူးပြီး အစိမ်းထောင်းစားစား မန်ကျည်းသီးချက်စားစား မျှစ်ပြုတ်နဲ့က လျှာလည်။
ချဉ်ပေါင်ခင်းကလည် းအဆင်သင့်ဆိုတော့ ဟင်းရည်သောက်သောက် မျှစ်နဲ့ချဉ်ပေါင်ကြော်ကြော် သိပ်မြိန်တဲ့ဟင်းတွေ။
မှိုတွေကလည်းအခင်းလိုက် ဟင်းချက်စားမလား ဟင်းချိုသောက်မလား ကန်စွန်းပါချိုးကြော်လိုက်တော့ စားသောက်ဆိုင် ထိုင်ရသလို။
ဂွေးတောက်လား ကြောင်လျာလား ခရမ်းကဆော့သီးလား သရက်ရွက်လား အပြည့်အစုံကြိုက်တာတို့ ငါးပိထောင်းလည်း ကောင်းမှကောင်း။
ငှက်ပျောတွေက အသီးပုပုလေးတွေနဲ့ သီးမှသီး ချိုမှချို ငှက်ပျောအူတော့ မကိုက်ဘူး ဝမ်းသာစရာသတင်းကြားရင် မွင်းငါးချက်စားပစ်လိုက်တယ်။
ငါးကလည်းရှာလို့လွယ်သေးငါးခူ ငါးကြင်းကအစနာမည်မသိလည်းစားကောင်းတဲ့ငါးအကောင်ကြီးကြီးအလေးပြည့်ပြည့်တွေကင်စားစား ပြုတ်စားစားဟင်းချက်မလားအခြောက်လှမ်းမလားကြိုက်သလိုစား။
ရွာထဲဝက်ပေါ် အမဲပေါ်ရင်တော့ကိုယ့်အကြိုက်ဆုံးဝက်လက် ဝက်ရိုးပြုတ်အမဲနှပ်တွေတခါတလေကြိတ်ရသေးဒါမှမဟုတ်လို့ ရန်ကုန်လွမ်းလာရင်အသားကြိတ် အရိုးပြုတ်အသင့်စားကြာဆံတစ်ထုတ်ဖေါက်ထည့်ပြီးကြေးအိုး ဆွဲလို့ရတယ်ဗျာ။
လက်ဆောင်လာပေးတဲ့ကြက်တွေမသတ်ရက်လို့မွေးထားတာကြက်ဥကလည်းရအကောင်ကလည်းပွား။
ဆေးဝါးရှားတယ်ဆိုပေမယ့်ချွေးထွက်များတော့ကျန်းမာရေးကဒီရောက်မှရန်ကုန်ထက်ကို ပိုမာနေသေး။အဝတ်အစားကောင်းကောင်းမရှိပေမယ့်နှလုံးသားကောင်းကောင်းတွေဝတ်ဆင်ထားတဲ့သူတွေကိုသာတွေ့ရတဲ့နေရာ။
မိတ်ဆွေဟောင်းတွေကိုအမြဲသတိရပေမယ့်ခုမှတွေ့ရတဲ့ ရဲဘော်ရဲဘက်တွေကလည်း အသက်နဲ့ရင်းပြီးချစ်ကြခင်ကြတယ်။
မိန်းမနဲ့သားသမီးတွေဟာအမြဲဆင်းရဲတူတူချမ်းသာတူတူစိတ်တူကိုယ်တူအနစ်နာခံနိုင်ကြောင်းသိခွင့်ရခဲ့တယ်။
ဘဝမှာအသက်ရှင်နေထိုင်ရေးမှာဘယ်အရာတွေကအဓိကကျပြီးဘယ်အရာတွေကအပေါ်ယံဆိုတာသတိထားမိလာတယ်။
အမှန်တရားဘက်ကရပ်တည်ရင်ဘယ်နေရာရောက်ရောက်ဘယ်သူနဲ့တွေ့တွေ့ဘယ်တော့မဆိုလိပ်ပြာသန့်ပြီးမျက်နာမငယ်ရဘူးဆိုတာ လက်တွေ့ကြုံရတယ်။
အခုထဲက အမှန်တရားအရ တရားမျှတခြင်းအရ စိတ်ဓါတ်ခွန်အားအရ အရှက်တရားအရ ပြည်သူပါဝင်မှုအရအားလုံး ပြည့်စုံစွာ မတိုက်ခင်ထဲက ကြိုအောင်မြင်နေတဲ့ကျွန်တော်တို့တော်လှန်ရေးဟာလည်းမကြာခင်အပြီးတိုင်အောင်မြင်တော့မယ်။
ကဲ…….ကျွန်တော့်တို့အတွက် ဘာလိုသေးလဲ။
မင်းမော်ကွန်း