လူ့ဘဝဟာ အကောင်းဆုံးပုံပြင်များကို ရေးသားခဲ့ပြီး အထီးကျန်ဆန်လွန်းတဲ့ Ganga နှင့် Jamuna ဆိုတဲ့ခန္ဓာကိုယ်ချင်းဆက်အမွှာညီမတို့ရဲ့ဇာတ်လမ်းဟာ ၎င်းတို့ထဲမှတစ်ခုဘဲဖြစ်ပါတယ်။ ၎င်းတို့ဟာ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ရှိ ဆင်းရဲနွမ်းပါးတဲ့မိသားစုတစ်ခုမှ မွေးဖွားခဲ့ကြပါတယ်။ ၎င်းတို့ဟာ အစာအိမ်တစ်ခုတည်းကို ဝေမျှထားကြသော်လည်း သီးခြား နှလုံးများ၊ ကျောက်ကပ်များနှင့်အသည်းများပါရှိပါတယ်။
မည်သည့်ပညာရေးမျှမပါဘဲ ၎င်းအမွှာညီအမဟာ အသက်မွေးရန် နယ်လှည့်ဆပ်ကပ်တစ်ခုတွင် ပါဝင်ပူးပေါင်းခဲ့ကြပါတယ်။ ၎င်းတို့အား ပင့်ကူညီအမဟု လူအများက ခေါ်ဝေါ်ကြပါတယ်။ ဤကဲ့သို့သောအသွင်အပြင်ဖြင့် အချစ်စစ်ကိုရှာဖွေခြင်းဟာ ၎င်းတို့အတွက် စိန်ခေါ်မှုများရှိလိမ့်မည်ဟု ထင်နိုင်ပါတယ်။
သို့ပေမဲ့ Forrest Gump ပြောခဲ့သလိုပဲ ” ဘဝကချောကလက်တစ်ဘူးနဲ့တူတယ်၊ မင်းဘာကိုရလိမ့်မယ်ဆိုတာမင်းဘယ်တော့မှကြိုမသိနိုင်ဘူး ” ဆိုတဲ့အတိုင်း ၎င်းအမွှာညီအစ်မနှစ်ယောက်ဟာ အချိုမြိန်ဆုံးချောကလက်သေတ္တာ၊ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို တွေ့ရှိခဲ့ကြပါတယ်။
၎င်းတို့ရွေးချယ်ခဲ့သူက Jasimuddin Ahmad အမည်ရှိအမျိုးသားဖြစ်ပြီး သူဟာ ၎င်းတို့နဲ့အတူ ဆပ်ကပ်မှာအသံအင်ဂျင်နီယာအဖြစ် အချိန်ပိုင်းအလုပ်လုပ်ခဲ့တဲ့ကျောင်းဆရာတစ်ယောက်ပါ။ ၎င်းတို့ဟာ မြင်မြင်ချင်းချစ်မိသွားခဲ့ကြပါတယ်။
Ahmad ဟာ Ganga နှင့် Jamuna တို့နှင့်အတူ အချိန်ဖြုန်းရတာကို နှစ်သက်ပြီး “ ငါ သူတို့ကိုအတတ်နိုင်ဆုံး ပျော်ရွှင်မှုနဲ့ချစ်ခြင်းတွေ ပေးနိုင်ဖို့ကြိုးစားနေတယ် ၊ ငါသူတို့နဲ့ ပိုနီးစပ်အောင်ကြိုးစားတယ်၊ ဒါကြောင့် ငါသူတို့ကိုဘယ်လောက်ချစ်လဲဆိုတာ သူတို့နားလည်တယ်” ဟု ဆိုခဲ့ပါတယ်။
၎င်းတို့ဟာ အတူတူ သီချင်းနားထောင်ရတာကို ကြိုက်ပြီး မနက် ၄နာရီအထိလည်း စကားပြောလေ့ရှိကြပါတယ်။ ၎င်းအမွှာညီအစ်မဟာ Ahmad ရဲ့စရိုက်ကို လေးစားသဘောကျကြပြီး “ သူ့မှာရှိတဲ့အကောင်းဆုံးအရာက ဟာသဥာဏ်ရွှင်တာဘဲ၊ ဒါ့အပြင် သူကကြင်နာတတ်တဲ့လူတစ်ယောက်ပါ၊ ငါတို့က သူ့ကို Mr .အိန္ဒိယလို့ခေါ်ကြတယ်” ဟု Ganga က ဆိုခဲ့ပါတယ်။
ပတ်ဝန်းကျင်က လက်မခံတာကြောင့် အိမ်ထောင်ပြုဖို့က မဖြစ်နိုင်ပေမဲ့ ၎င်းတို့သုံးယောက်ဟာ ကျန်ရှိနေတဲ့ဘဝကို အတူတကွပျော်ရွှင်စွာဖြတ်သန်းနေလျက်ရှိပြီး Jamuna က “ ငါတို့ဘ၀ထဲကို သူရောက်လာကတည်းက ငါတို့အရမ်းပျော်ခဲ့တယ်၊ ငါတို့အတိတ်မှာနာကျင်ခဲ့ပေမဲ့ ငါတို့ထပ်ပြီးမနာကျင်ချင်တော့ဘူး ၊ ငါတို့တစ်သက်လုံးသူနဲ့အတူနေဖို့ကို တကယ်မျှော်လင့်မိတယ် ”ဟုလည်း ပြောကြားခဲ့ပါတယ်။