ပန်းတနော်တွင် အခြေခံစားသောက်ကုန်လှူဒါန်းသူများကို စစ်ကောင်စီတပ်က သေနတ်နှင့်ချိန်ကာခြိမ်းခြောက်ခဲ့ပြီးနောက် ဌာနဆိုင်ရာများလိုက်ပါလျှက် သူတို့ကိုယ်တိုင်ရောင်းချမှုပြုလုပ်လျှက်ရှိသည်။
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ အနောက်ပိုင်းရပ်ကွက်တွင် ဩဂုတ် ၂၇ရက်နေ့က ဆန်၊ကြက်သွန်၊ ဆီနှင့် ကြက်ဥ လှူဒါန်းသူများအား စစ်တပ်က သေနတ်နှင့်ချိန်၍ ဒူးထောက်ခိုင်းကာ လှူဒါန်းခြင်း ဆက်လက်မပြုလုပ်ရန် ခြိမ်းခြောက်ခဲ့သည်။ ထို့နောက် စစ်ကောင်စီအုပ်ချုပ်ရေးက စားသောက်ကုန်များကို ” တန်ဖိုးသင့်” ဟု ရောင်းချနေခဲ့သည်။
ရောင်းချသည့်ကုန်များတွင် ဆန်စက်ပိုင်ရှင်များက ဈေးအရင်းအတိုင်း ရောင်းချပေးသည့် ဆန်အိတ်များအပြင် အလှူရှင်တစ်ချို့လှူဒါန်းထားသည့် ဆန်အိတ်များလည်း ပါဝင်သည်။
“၂၄ပြည် ဆန်အိတ်ကြီးတစ်အိတ်ကို ၂၅,၅၀၀ကျပ်ရှိတယ်။ တစ်ပြည်ကို ၁,၀၀၀ကျပ်နဲ့ ပြည်သူကို ရောင်းပေးတာဆိုတော့ ၂၄ပြည်ဆို ၂၄၀၀၀ပြန်ရမယ်ဗျာ။ စစ်ကောင်စီက ဆန်တစ်အိတ်ကို ၁,၅၀၀ကျပ်ကြီးများတောင် အရှုံးခံရောင်းပေးနေတာလေ။
ပြည်သူ့အပေါ်ထားတဲ့ စေတနာ အရှုံးပေါ်နေပါဦးမယ်”ဟု မြို့ခံတစ်ဦးက ၎င်း၏ အွန်လိုင်းစာမျက်နှာတွင် ရွဲ့ကာ ဝေဖန်ရေးသားထားသည်။
ပန်းတနော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ က ယနေ့( ဩဂုတ် ၂၈ရက်) ဆန်အပြင် ကြက်ဥ၊ အမဲသား၊ ဝက်သားများကို ရောင်းချသည်။
သို့သော် ဈေးရောင်းချမှုကို ပန်းတနော်မြို့ပေါ်တွင်သာ ဆောင်ရွက်ခြင်းဖြစ်ပြီး အမှန်တကယ်လိုအပ်နေသည့်နေရာများသို့ သွားရောက်ရောင်းချပေးခြင်း မရှိသည်ကိုလည်းဒေသခံများက ဝေဖန်သည်။
အကြမ်းဖက်စစ်တပ်က ဆန်စက်ပိုင်ရှင်များထံ ဆန်အိတ်အလှူခံခြင်း ၊ ၎င်းတို့အား မူရင်းဈေးအတိုင်းရောင်းချပေးရန် ဆန်စက်ပိုင်ရှင်များကို ဖိအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း အဆိုပါ ဖြစ်ရပ်ကို သိရှိသူတချို့က ပြောသည်။